တနင်္သာရီ၊ စက်တင်ဘာ ၁၇
တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာရှိတဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပိုင်းကို ညပိုင်းဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ် ဆင်ရေးဌာနက သတိပေးထုတ်ပြန်ပါတယ်။
မြိတ်ခရိုင်အတွင်းရှိ ပြည်သူတွေအနေနဲ့ ပုလောမြို့နယ် ပြည်ထောင်စုလမ်းမကြီး၊ မြိတ်မြို့နယ်အ ထွက် ကျောက်ဖြူတောင်လမ်းဆုံမှ ကြေးနန်းတိုင် လမ်းတစ်လျှောက်နဲ့ တနင်္သာရီမြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးတွေကို ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း အသုံးမပြုကြဖို့ စက် တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားပါတယ်။
နေ့ဘက် ခရီသွားကားတွေအနေနဲ့ မှန်ချပြီးမှသာ မောင်းနှင်းကြဖို့နဲ့ ကုန်ကားတွေအနေနဲ့လည်း အလုံပိတ်ဖုံး အုပ်ထားခြင်းတွေ လုံးဝမပြုလုပ်ကြဖို့ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ နေရာတိုင်းက အရပ်သားပြည်သူတွေကို အဓမ္မဖမ်းဆီးပြီး ပေါ်တာဆွဲတာနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားတာတွေ ဆောင်ရွက်နေတဲ့အပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးထောက်တိုင်ဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေဟာလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ပြည်သူတွေကို အဓမ္မစစ်မှုထမ်းစေဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တိုင်းစစ်ဌာန (တနင်္သာရီ) ဗျူဟာ ၃၅ နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းစစ်ကြောင်းတွေက အဲဒီမြို့နယ်တွေမှာ စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမှာဖြစ်တာကြောင့် စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်နဲ့ အုပ်ချုပ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း မြိတ်ခရိုင်အတွင်းက ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
အခု ထုတ်ပြန်ချက်ဟာ စစ်ကောင်စီမှ အသွင်ယူလုပ်ဆောင်မှုတွေ ရှိနေတာကြောင့် လေးနက်စွာ တားမြစ်ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိပါဘဲ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF