ကျွန်းစု၊ စက်တင်ဘာ ၁၈
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာအနီးမှာ စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ ကာကွယ်ရေး ပူပေါင်းစစ်ကြောင်း ၂ ထံကနေ သိရပါတယ်။
ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ၂၀ ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် နေ့လယ် ၁ နာရီအချိန်ခန့်မှာ မောင်းလှော်ကျေးရွာဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင် စီရဲ့ ကားနှစ်စီးကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မင်းဂုတ်နဲ့ ဂျိုးတောင်ကျေးရွာလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ကားတစ်စီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့သလို ၁၅ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် မွန်းလွဲ ၂ နာရီအချိန်ခန့်မှာလည်း ဂျိုးတောင်ရွာနဲ့ တစ်ဆက်တည်းဖြစ်တဲ့ ဝါရစ်ကျေးရွာဘက်ကို အင်အား ၇၀ ဝန်းကျင်နဲ့ ခြေလျင်စစ်ကြောင်းတစ်ခု ရောက်ရှိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်သားတွေကိုတော့ အဲဒီနေ့ ညနေပိုင်းမှာပဲ မောင်းလှော်ရွာဘက်ကို ကားတစ်စီးနဲ့ ပြန်လည်သယ်ယူသွားတယ်လို့ တော်လှန်ရေး အင် အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ကျွန်းစုမြို့နယ်ထဲက မင်းကုတ်နဲ့ မော်လှော်ကျေးရွာတွေက တပ်စခန်းတွေကို အင်အားအများအပြားနဲ့ ဝင်ရောက်လာပြီး တပ်အချိန်းအပြောင်းတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် မင်းခေါင်းဆေးရွာက စစ်ကောင်စီလက် အောက်ခံ ပြည်သူ့ စစ်နှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း၂