တီဟီရန်၊ စက်တင်ဘာ ၁၆

ခေတ်သစ်ရာဇဝင်မှာ အကြီးမားဆုံးနှင်ထုတ်မှုအဖြစ် အီရန်က အာဖဂန်နစ္စတန်နိုင်ငံသား နှစ်သန်းကို ခြောက်လအတွင်း နေရပ်ပြန်ပို့သွားမယ်လို့ အီရန် အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ အာမက် ရီဇာ ရာဒန်က ပြောကြားလိုက်ပါတယ်။

အီရန် ရဲတပ်ဖွဲ့က ရွှေ့ပြောင်းနေထိုင်သူတွေကို အကြမ်းဖက် ဖမ်းဆီးပြီး တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန်နယ်စပ်ဆီ ပြန်ပြီး ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

ပြည်နယ်တစ်ခုရှိ ဈေးဆိုင်တွေကို အာဖဂန်နစ္စတန်နိုင်ငံသားတွေဆီ ဈေးမရောင်းရဘူးလို့ ညွှန်ကြားထားပြီး လူငယ် တစ်ယောက်ကို ရဲတပ်ဖွဲ့က လည်ပင်းကို ဒူးနဲ့ထောက်ထားပြီး ဖမ်းဆီးနေတဲ့ ဗီဒီယိုဖိုင် တစ်ခုဟာလည်း အမေရိကန်က ဂျော့ချ်ဖလွိုင်းလို ဖြစ်ရပ်မျိုးဆိုပြီး အွန်လိုင်းမှာ အုတ်အော်သောင်းနင်း ဖြစ်နေပါတယ်။

ကုလသမဂ္ဂရဲ့ ဖော်ပြချက်အရ အီရန်မှာ နေထိုင်နေကြတဲ့ အာဖဂန်နစ္စတန်နိုင်ငံသား ၄ ဒသမ ၅ သန်း ရှိပြီး အများစုဟာ ၂၀၂၁ ခုနှစ်အတွင်း တာလီဘန်တွေ နိုင်ငံ့အာဏာ သိမ်းယူလိုက်ပြီး နောက်ပိုင်း ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေ နောက်ထပ် မဝင်ရောက်လာစေရေး အာဖဂန်နစ္စတန်နဲ့ ကီလိုမီတာ ၉၀၀ လောက် ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ အီရန်က ၁၃ ပေမြင့်တဲ့ နံရံတစ်ခုလည်း တည်ဆောက်နေပါတယ်။

အမေရိကန် ထောက်ခံတဲ့ အာဖဂန် အစိုးရလက်ထက်က လုံခြုံရေး တပ်ဖွဲ့တွေမှာ အလုပ်လုပ်ခဲ့သူတွေက ပြန်ပို့ခံရမှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။

ပါကစ္စတန်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းမှု စတင်ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံသား ခြောက်သိန်း ထက်မနည်းကို မိခင်နိုင်ငံဆီ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။

အီရန်ဟာ အနောက်တိုင်းရဲ့ အရေးယူ ပိတ်ဆို့မှုတွေ၊ အစိုးရရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံသားတွေဟာ အထောက်အကူရသူတွေ ဖြစ်ပေမယ့် မိမိတို့အနေနဲ့ နောက်ထပ် ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံဖို့ မဖြစ်နိုင်တော့ဘူးလို့ အီရန် ပြည်ထဲရေးဌာန ခေါင်းဆောင်က ပြောကြားထားပါတယ်။

အီရန်ရဲ့ ဒေသတချို့မှာ အာဖဂန်နစ္စတန်နိုင်ငံသားတွေဟာ ကုန်ခြောက်တွေ ဝယ်ယူခွင့် မရသလို အိမ်ငှားခွင့်လည်း တားမြစ်ခံနေရပြီး ခွဲခြား ဆက်ဆံမှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံသားတွေကို အီရန် ရဲတပ်ဖွဲ့ဝင်တွေကလည်း ရိုက်နှက်သလို အရပ်သားတွေကလည်း အနိုင်ကျင့်နေတယ်လို့ သိရပါတယ်။

Ref:The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.