ရန်ကုန် ၊ စက်တင်ဘာ ၁၇

အာဏာသိမ်းမှုအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါးရှိခဲ့တယ်လို့ သုတေသနအဖွဲ့ Data for Myanmar က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် ဇူလိုင်အထိ မြို့နယ်ပေါင်း ၂၂၀ မှာ ဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းက အများဆုံးဖြစ်ပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ Facebook ပေါ်မှာ ရေးသားမျှဝေမှုတွေကြောင့် အဖမ်းခံရတာဖြစ်ပြီး အခြားအွန်လိုင်း ပလက်ဖောင်းတွေဖြစ်တဲ့ TikTok ၊ Telegram ၊ Viber တွေပေါ်မှာ ရေးသားမျှဝေတာတွေကြောင့် အဖမ်းခံရတာတွေလည်း ရှိပါတယ်။

အစီရင်ခံစာအရ ပျမ်းမျှအနေနဲ့ အွန်လိုင်းအသုံးပြုသူ ၅၄ ဦးနီးပါးဟာ လစဉ် ဖမ်းဆီးခံနေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်မှာ‌တော့ မြို့နယ်ပေါင်း ၂၄ မြို့နယ်မှာ ဖမ်းဆီးခံရသူ ၃၃ ဦး ရှိခဲ့တယ်လို့ Data for Myanmar က ဆိုပါတယ်။

အဓိကအားဖြင့် အွန်လိုင်းပေါ်က ရေးသားပြောဆိုမှုတွေကို စစ်ကောင်စီဘက်ကနေ စောင့်ကြည့်ပြီး အရေးယူတာတွေရှိသလို မြေပြင်က လုံခြုံရေး စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးအရေးယူတာတွေလည်း ရှိပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကို ဖမ်းဆီးအရေးယူနိုင်အောင် ကိုယ်ရေးအချက်အလက်တွေ စုဆောင်းပေးပို့တာတွေ၊ ဖိအားပေးတိုက်တွန်းတာတွေ လုပ်ဆောင်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း လူထုလှုပ်ရှားမှုအတွက် အရေးပါတဲ့ လူမှုကွန်ရက်နဲ့ အွန်လိုင်းပလက်ဖောင်းတွေကို ထိန်းချုပ်ဖို့ နည်းလမ်းအမျိုးမျိုး ကြိုးပမ်းခဲ့ပါတယ်။

အဲဒီထဲမှာ အင်တာနက်ဖြတ်တောက်တာ၊ ဝက်ဆိုဒ်စာမျက်နှာတွေကို ပိတ်ပင်တာအပြင် လူသုံးများတဲ့ Facebook လူမှုကွန်ရက်ပလက်ဖောင်းကိုလည်း သုံးလို့မရနိုင်အောင် ပိတ်ပင်တာလည်း ပါဝင်ပါတယ်။

လူမှုကွန်ယက်ပေါ် လှုံ့ဆော်တာ၊ဝါဒဖြန့်တာ၊ခြိမ်းခြောက်တာတွေ ပြုလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ က ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က နဲ့ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ က အပြင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမယ်လို့ စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇန်န ဝါရီမှာ ထုတ်ပြန်ခဲ့ပါတယ်။

Data for Myanmar ကတော့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ လူတစ်ဦးချင်းရဲ့ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အကာအကွယ်ပေးသင့်ပြီး အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ လည်း မိမိရဲ့ အချက်အလက်လုံခြုံရေးအတွက် သတိထားသုံးစွဲကာ အစီအ မံတွေ ပြင်ဆင်သင့်တယ်လို့ အကြံပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.