မော်လမြိုင် ၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံအနှံ့နီးပါး ဖြစ်ပေါ်နေတဲ့ ရေကြီးနစ်မြှုပ်မှုနဲ့အတူ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် မွန်ပြည်နယ်မှာ ကုန်စိမ်းဈေးနှုန်း နှစ်ဆနီးပါး ခုန်တက်လာတယ်လို့ ကုန်စိမ်းရောင်းချနေသူတွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် နေပြည်တော်အပါအဝင် မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေကြေခဲ့ရသလို လမ်းပန်း ဆက်သွယ်ရေးတွေလည်း ပြတ်တောက်ခဲ့တာပါ။

ရေဘေးကြောင့် မွန်ပြည်နယ်မှာ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၀၀၀ ကနေ ကျပ် ၄၀၀၀ အထိ မြင့်တက်လာသလို ဂေါ်ဖီပန်းပွင့် တစ်ပွင့်လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၄၀၀၀ ၊ ကန်စွန်းရွက်တစ်စီး ကျပ် ၄၀၀ မှ ကျပ် ၇၀၀ ဝန်းကျင်၊ တခြားဟင်းသီးဟင်းရွက်တွေကလည်း ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။

ကုန်စိမ်းရောင်းချသူတစ်ဦးကတော့ ရေကြီးနစ်မြုပ်မှုတွေကြောင့် ကုန်စိမ်းထွက်ရှိရာ ဒေသတွေကနေ ကုန်ပစ္စည်းမဝင်ရောက်တာ၊ ကားခနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်နေတဲ့အတွက် ကုန် စိမ်းဈေးတွေ ခုန်တက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

“အခု တက်တာပေါ့။ ဟိုဘက်မှာ အားလုံးရှမ်းပြည်ဘက်မှာ ပျက်တာကို အဲဒီဘက်က အသီးအနှံလာတယ်။ နေပြည်တော်ဘက်ခြမ်းဆိုလည်း ရမည်းသင်း အဲဒီဘက်ခြမ်းတွေက နံနံတို့ဘာတို့ စိုက်တယ်။ ခရမ်းသီးကအစပေါ့။ ရှမ်းပြည်ဘက်မှာဖြစ်တော့ ဂေါ်ဖီအကုန်လုံးပေါ့။ အခုဂေါ်ဖီပန်းတစ်ပွင့်ကို ၂၀၀၀ တန်က ၄၀၀၀ ဖြစ်နေပြီ။ ကားခလည်း တက်တယ်။ ကျွန်တော်ပြောသလို အဲဒီဘက်က ကုန်စိမ်းတွေမဝင်ဘူးပေါ့။ အဲဒါကြောင့် ဈေးထိုးတက်သွားတာ”လို့ ဆိုပါတယ်။

တဖက်မှာတော့ ဟင်သီးဟင်းရွက်နဲ့ အသီးအနှံတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုနဲ့အတူ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားတာကြောင့် လမ်းခရီးမှာ ကုန်ပစ္စည်းတွေ ပုပ်သိုးပျက်စီးသွားတဲ့အတွက် ဈေးနှုန်းလိုက်တက်လာတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အိမ်ရှင်မတစ်ဦးကလည်း ရေကြီးရေလျှံမှုတွေကြောင့် ဟင်းသီးဟင်းရွက်တွေအပါအဝင် ကန်စွန်းရွက်ဈေးကအစ ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်လာတယ်လို့ ပြောပြပါတယ်။

“ကုန်စိမ်းက အကုန်ဈေးတက်တာ။ ကန်စွန်းရွက်တစ်စီးကို ၇၀၀ လေ။ သုံးစီးကို ၂၀၀၀ ဝယ်ရတယ်။ ဟင်းတစ်ခုချက်ဖို့ ကန်စွန်းရွက် ကြော်တာတောင်မှ ၂၀၀၀ ဖိုးလောက် မဝယ်ရင် မဖြစ်ဘူး။ အာလူးက အရင်က ၃၀၀၀ ဈေးလောက်ပဲ ရှိတယ်။ အခု ၆၀၀၀ ဖြစ်သွားပြီ”လို့ ဆိုပါတယ်။

မွန်ပြည်နယ်ဟာ ဟင်းသီးဟင်းရွက်တွေကို ဒေသတွင်းမှာ အနည်းငယ်သာ စိုက်ပျိုးကြပြီး အဓိကအားဖြင့် ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကျန်ဒေသတွေက ထွက်ရှိတဲ့ ဟင်းသီးဟင်း ရွက်တွေကို မှာယူရောင်းချနေတာ ဖြစ်ပါတယ်။

လတ်တလောမှာ အဲဒီဒေသတွေမှာ ရေကြီးရေလျှံမှုတွေကြောင့် ကုန်စိမ်းဝင်ရောက်မှု နည်းပါးလာတဲ့အတွက် အစားထိုးအနေနဲ့ ထိုင်းနိုင်ငံက ကုန်စိမ်းတချို့ကို မှာယူတင်သွင်း ရောင်းချနေရပေမယ့် ကုန်ကျစရိတ်ကြီးမြင့်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်စိမ်းရောင်းသူတွေက ပြောကြပါတယ်။

နိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး ၆၀ ထက်မနည်း ပျောက်ဆုံးနေသလို လူပေါင်းသုံးသိန်းကျော်ကို အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေထံ ပြောင်းရွှေ့ထားရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.