နေပြည်တော် ၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံအနှံ့နီးပါး ရေကြီးရေလျှံနစ်မြုပ်မှုကြောင့် လူ့အသက်များစွာ သေကြေနေရပေမယ့် အ စိုးရတစ်ရပ်အဖြစ် ခံယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အရေးပေါ်တုံ့ပြန်မှုအပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ရေဘေးကြောင့် စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ်အထိ တစ်နိုင်ငံလုံးမှာ လူ ၃၃ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုပေမယ့် ရေဘေးသင့်ဒေသတွေမှာ လူရာဂဏန်းအထိ သေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတွေက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပြောဆိုကြပါတယ်။

တစ်ဘက်မှာ ရေဘေးသင့်မှုကြောင့် ပြည်သူတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီဘက်ကလိုအပ်တဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ခြင်းဆောင်ရွက်တာ မရှိဘူးလို့ ဝေ ဖန်မှုတွေလည်း ရှိနေတာပါ။

ပြည်သူတစ်ဦးကတော့ လက်ရှိအုပ်ချုပ်နေသူဟာ အရေးပေါ် ရန်ပုံငွေတွေ ချက်ခြင်းထုတ်ပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ရမှာဖြစ်သလို သဘာဝဘေးမလာခင် ရေလျှံတာတွေမဖြစ်ဖို့ ဆည်တွေကို ရေကြိုဖောက်ထားသင့်တယ်လို့ ပြောပါတယ်။

“လက်ရှိ အုပ်ချုပ်နေတဲ့သူကလည်း အစိုးရတစ်ရပ်အနေနဲ့ အာဏာသိမ်းတဲ့သူပဲဖြစ်ဖြစ် လက်ရှိမှာ အရံ ရန်ပုံငွေတွေ ချက်ခြင်းထုတ်ပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ရမှာ။ လက်ရှိသူက ဘာကယ်ဆယ်ရေးမှ မလုပ်ဘူး။ နောက်တစ်ခုက သဘာဝဘေးအန္တရာယ်ဆိုတာက မိုးလေဝသ ဇလ ဗေဒအဖွဲ့လည်း ရှိတယ်။ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းလည်းရှိတယ်။ သဘာဝဘေးမလာခင်မှာ ဆည်တွေကို ရေကြိုဖောက်ထားဖို့ လိုတာပေါ့ဗျာ။ ပြီးတော့မှ ဒုန်းဆိုဆည်တွေက ရေလျှံတာနဲ့ သဘာဝဘေး ချက်ခြင်းဖြစ်တဲ့အခါမှာ အစိုးရတစ်ရပ်အနေနဲ့ ဖြစ်ဖြစ်၊ အာဏာသိမ်းတဲ့သူအနေနဲ့ ဖြစ်ဖြစ် လက်ရှိမှာကယ်ဆယ်ရေးလုပ်ငန်းတွေ ဘာမှမလုပ်တာတော့ တွေ့ နေရတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်တင်ဘာ ၁၃ ရက် နေ့လယ်အထိ စာရင်းတွေအရ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေပေါင်း လေး‌သောင်းကျော် ပြောင်းရွှေ့ပေးခဲ့ရပြီး ရေ ဘေးကယ်ဆယ်ရေးစခန်း ၁၈၇ ခုမှာ နေရာချထားပေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေစီးရေလာကောင်းမွန်ရေးနဲ့ ရေအမြန်ကျဆင်းရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ စစ်တပ်က အင်ဂျင်နီယာတပ်ဖွဲ့တွေနဲ့ စက်ယန္တရားတွေသုံးပြီး ဆောင်ရွက်ဖို့ စစ်ကောင်စီ ဥက္က ဌက ညွန်းကြားခဲ့တယ်လို့ သူကပြောပါတယ်။

တစ်ဘက်မှာ ရေဘေးကယ်ဆယ်ရေးမှာ ပါဝင်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေကို ကျေးဇူးတင်ကြောင်းနဲ့ ကူညီစောင့်ရှောက်မှုတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ကိုလည်း မေတ္တာရပ်ခံထားတာပါ။

မွန်ပြည်နယ်အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ရေ ဘေးသင့်ဒေသတွေကို သွားရောက်ကူညီချင်ပေမယ့် ကန့်သတ်တာတွေရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကန့်သတ်တာတွေ ရှိတဲ့အတွက် သွားရေးလာရေးပေါ့၊ လမ်းခရီးကိစ္စ ဥပမာ ကျွန်တော်တို့ ဒေသကလည်း အဲဒီ(ရေဘေးသင့်ဒေသ) သွားပြီး ကူညီချင်တယ်။ ကူညီဖို့အတွက် လမ်းခရီးမှာ အနေအ ထားတွေက အများကြီး။ နောက်အခုလက်ရှိက စားဝတ်နေရေး ကိစ္စတွေကလည်း အရင်ကလို မပြေလည်တော့ အများကြီး အားနည်းသွားတာပေါ့။ အဓိက စီမံခန့်ခွဲမှုအားနည်းတယ်လို့ မြင်တယ်” လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီအရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် ချောင်းရေ၊ မြစ်ရေ မြင့်တက်မှုတွေကနေ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီအတွက်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုရှိ မြို့နယ်ပေါင်း ၃၄ မြို့နယ်မှာ လူဦးရေ နှစ်သိန်းသုံးသောင်းကျော် ရေဘေးသင့်ခဲ့ရတယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီက သတင်း ထုတ်ပြန်ပါတယ်။

ရေဘေးသင့်မှုအပေါ် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ပတ် သက်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအ ဝေးကို စက်တင်ဘာ ၁၃ ရက်နေ့မှသာ ပြုလုပ်ခဲ့တာပါ။

အခုရေဘေးမှာ သူကိုယ်သူ ယာယီသမ္မတ၊ ဝန်ကြီးချုပ်၊ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်အပါအဝင် နိုင်ငံရဲ့ အမြင့်ဆုံးရာထူး လေးနေရာအထိ ရယူထားတဲ့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရေဘေးဖြစ်ပြီး ၄ ရက်မြောက်နေ့ ဖြစ်တဲ့ စက် တင်ဘာ ၁၃ ရက်နေ့မှ လူမြင်ကွင်းထဲ ပေါ်ထွက်လာတာပါ။

မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ ရေဘေးအပေါ် ကူညီဆောင်ရွက်မှုတွေကို ပြည်သူတွေကတော့ အိမ် နီးချင်း ထိုင်းစစ်တပ်နဲ့ ခိုင်းနှိုင်းပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဘက်စုံသုံးရဟတ်ယာဉ်အပါအဝင် ရဟတ်ယာဉ်ပေါင်း ၇၀ နီးပါး ပိုင်ဆိုင်ထားတဲ့ မြန်မာစစ်တပ်ဟာ ရေဘေးသင့်ပြည်သူတွေကို လေကြောင်းကနေ ကူညီကယ်ဆယ်ဆောင်ရွက်ပေးတာ တစ်စက်မှ မတွေ့ရသေးပါဘူး။

ဝါရင့် နိုင်ငံ‌ရေးသမား ဦးဖေသန်းက ပြည်သူတွေ သဘာဝဘေးအန္တရာယ် ခံစားနေရချိန်မှာ မသေသင့်တာ မသေရအောင် အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

“ဒီလိုမျိုး ပြည်သူတွေ သဘာဝဘေးအန္တရာယ် ခံစားနေရတဲ့အချိန်မှာ အချိန်နဲ့တပြေးညီ တုံ့ပြန်ဖို့ လိုတာပေါ့။ အချိန်နဲ့တပြေးညီတုံ့ပြန်မှ ပိုပြီးထိရောက်တဲ့ အကူအညီဖြစ်မှာပေါ့။ မသေသင့်တာ မသေရအောင် ဒုက္ခမဖြစ် တာကို မဖြစ်ရအောင် အရေးပေါ်အခြေအနေမှာ အချိန်က အဓိကကျပါတယ်။ ဒါကြောင့် အချိန်နဲ့တပြေးညီ တုံ့ပြန်နိုင်ဖို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးဖို့ အစိုးရမှာ အဆင်သင့်ဖြစ်နေရမယ်ဆိုတာတော့ ကျွန်တော် အဲဒီလိုပဲ မှတ်ချက်ပြုချင်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေတဲ့ နေရာဒေသအလိုက် သတင်းအချက်အ လက် လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်ရေး၊ ပြည်တွင်းပြည်ပကနေ လှူဒါန်းတဲ့ပစ္စည်းတွေကိုလည်း သက်ဆိုင်ရာဌာနအလိုက် ဒေသအလိုက် စနစ်တကျဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ပျက်စီးဆုံးရှံးမှု ကိန်းဂဏန်းအချက်လက်တွေ အချိန်နဲ့တပြေးညီ တင်ပြနိုင်ရေး၊ ဆည် မြောင်း၊ တာတမံ၊ မြစ်ရေကြီးမှု အသိပေးချက်တွေကို ထိခိုက်နိုင်ခြေရှိတဲ့ ဒေသအလိုက် ကြေညာသွားဖို့နဲ့ လိုအပ်ရင် ကြိုတင်ရွှေ့ ပြောင်းနိုင်ရေးကိုပါ ထည့်သွင်းဖို့ စတဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.