ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ပွဲသုံးနှစ်တာကာလထဲ ဝင်ရောက်လာချိန်မှာ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ရေဘေးဒဏ်ကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်ရေး မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှားရှားပါးပါးအနေနဲ့ စက်တင်ဘာ ၁၄ ရက်မှာ နိုင်ငံတကာထံ အကူအညီ တောင်းခံလိုက်ပါတယ်။

စူပါတိုင်ဖွန်း မုန်တိုင်း ယာဂီကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းတို့မှာ လူ ၃၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၂၃၅၀၀၀ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၃ ရက်မှာပြောကြားထားပါတယ်။

အစိုးရအဖွဲ့က အရာရှိတွေအနေနဲ့ ရေဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ကူညီရေးပစ္စည်းတွေ ပေးအပ်နိုင်ဖို့ ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ လိုအပ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်တင်ဘာ ၁၃ ရက်မှာ ပြောကြားလိုက်တာပါ။

ရေဘေး ကယ်ဆယ်ရေးနဲ့ လျော့ပါးသက်သာစေရေး လုပ်ငန်းစဉ်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

တချို့ ဒေသတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေပြီး မန္တလေးတိုင်း အလယ်ပိုင်းရှိ ရွှေတူးဖော်ရာနေရာမှာ မြေပြိုတာကြောင့် လူအများအပြား ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းကို စုံစမ်း စစ်ဆေးနေတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြန်မာ စစ်တပ်ဟာ ပြည်ပက အကူအညီပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေကို အရင်က တားမြစ်ခဲ့တာ၊ မဝင်ရောက်နိုင်အောင် လုပ်ဆောင်တာမျိုး ရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း မိုခါ မုန်တိုင်း ဝင်ရောက်ချိန်က အကူအညီ ပေးရေးအဖွဲ့တွေ ရခိုင်ဒေသသို့ သွားရောက်ဖို့ ခွင့်တောင်းတာကို စစ်ကောင်စီက ခွင့်မပြုဘဲ ထားခဲ့ပါတယ်။

အဲဒီအချိန်က စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြောင့် လူ ၁၃၈၀၀၀ သေဆုံးခဲ့ပြီး အဲဒီအချိန်ကလည်း စစ်တပ်က အကူအညီပေးရေး အဖွဲ့တွေကို တားမြစ်ခဲ့တာကြောင့် အခြေအနေ ပိုမိုဆိုးရွားခဲ့ရပါတယ်။

တိုင်ဖွန်း ယာဂီရဲ့ လက်ကျန် တိမ်သားတွေကြောင့် ရက်အတော်ကြာ မိုးသည်းထန်မှုနဲ့ ကြုံတွေ့ရတဲ့ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးနီးပါး ရေဘေးဒဏ်ကို အလူးအလဲ ခံနေကြရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.