မော်စကို၊ စက်တင်ဘာ ၁၂

တရုတ်နဲ့ မိမိတို့ရဲ့ လက်တွဲမှုဟာ တတိယနိုင်ငံတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရည်ရွယ်တာ မဟုတ်ပေမယ့် အမေရိကန်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်လာရရင် မိမိတို့ အင်အားကြီး နှစ်နိုင်ငံ ပူးပေါင်းနိုင်ခြေရှိတယ်လို့ ရုရှားက စက်တင်ဘာ ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဂျပန်မှာ အမေရိကန်ရဲ့ ဒုံးကျည်တွေ ချထားနိုင်ခြေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခာရိုဗာက အမေရိကန်ရဲ့ နှစ်ဆ ထိန်းချုပ်ဖို့ ကြိုးပမ်းမှုကို မော်စကိုနဲ့ ဘေဂျင်းက နှစ်ဆတန်ပြန် တုံ့ပြန်သွားမယ်ဆိုတာ သတိပေးလိုတယ်လို့ ပြောကြားခဲ့တာပါ။

အမေရိကန်က ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေအတွက် ဂျပန်နိုင်ငံမှာ Typhon တာလတ်ပစ် ဒုံးကျည်တွေ ချထားဖို့ ဆန္ဒရှိကြောင်း ဖော်ပြထားတယ်လို့ Japan Times သတင်းဌာနက စက်တင်ဘာ ၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။

အရမ်းသိသာထင်ရှားတဲ့ ဒုံးကျည် အန္တရာယ်တွေကို ရုရှားနဲ့ တရုတ်က တုံ့ပြန်သွားမယ်ဆိုတာ ရှင်းလင်းနေကြောင်းနဲ့ မိမိတို့ရဲ့ တုံ့ပြန်မှုဟာ နိုင်ငံရေးအရ တုံ့ပြန်မှုမျိုး ဖြစ်လာမှာ မဟုတ်ကြောင်းနဲ့ ဒါကို နှစ်နိုင်ငံ စလုံးက အကြိမ်ကြိမ် သတိပေးထားပြီး ဖြစ်တယ်လို့ ပြောခွင့်ရ ဇာခာရိုဗာက အပတ်စဉ်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ မဟာဗျူဟာမြောက် လက်တွဲ ဆောင်ရွက်နေတာ ဖြစ်ပြီး ရန်ပြုဖို့ ရည်ရွယ်ချက် မရှိဘူးလို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။

မိမိတို့နှစ်နိုင်ငံ ပူးပေါင်းမှုက ကာကွယ်ဖို့အတွက် ဖြစ်ပြီး တခြားနိုင်ငံတွေကို တိုက်ခိုက်ဖို့အတွက် မဟုတ်ဘူးလို့လည်း ပြောခွင့်ရ ဇာခာရိုဗာက ပြောခဲ့ပါတယ်။

သမ္မတ ပူတင်က ယူကရိန်းဆီကို သူ့ရဲ့ စစ်သားတွေကို မစေလွှတ်ခင် သီတင်းသုံးပတ်လောက်အလိုမှာ တရုတ်နဲ့ ရုရှား အကန့်အသတ်မဲ့ လက်တွဲ ဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ်ကို နှစ်နိုင်ငံ သမ္မတတွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

နှစ်နိုင်ငံကြား စစ်ရေးအရ တရားဝင် မဟာမိတ်ပြုကြောင်း ကြေညာထားတာ မရှိသေးပေမယ့်လည်း မိမိတို့ဟာ မဟာမိတ်တွေ ဖြစ်တယ်လို့ သမ္မတ ပူတင်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားထားပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ စက်တင်ဘာ ၁၀ ရက်မှာ စတင်တဲ့ ရေတပ် လေ့ကျင့်မှုတွေ အပါအဝင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

အမေရိကန်က အာရှ-ပစိဖိတ်ဒေသမှာ စစ်အင်အား တည်ဆောက်ပြီး ရုရှားထက် လက်နက်အင်အား သာလွန်အောင် ကြိုးပမ်းနေမှုနဲ့ ပတ်သက်လို့ သမ္မတ ပူတင်က အဲဒီ စစ်ရေး လေ့ကျင့်မှုအတွင်း သတိပေး ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.