ကိဗ်၊ စက်တင်ဘာ ၁၂

ယူကရိန်းအတွက် စီးပွားရေးအကူအညီအဖြစ် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ပေးမယ်လို့ အမေရိကန်နဲ့ ဗြိတိန်တို့က စက်တင်ဘာ ၁၁ ရက်မှာ ကတိပြုခဲ့ကြပြီး ရုရှားပိုင်နက် အတွင်းနက်နက်ထဲအထိ တိုက်ခိုက်ရေး လက်နက်တွေ ကန့်သတ်ထားမှုကို ဖြေလျှော့ပေးရေး တောင်းဆိုမှုအတွက် အလျင်အမြန် တုံ့ပြန်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

စိုးရိမ်မှုတွေ မြင့်တက်လာနေချိန်မှာ တစ်သားတည်းရှိကြောင်း ပြသမှုအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီတို့ ကြုံတောင့်ကြုံခဲ ခရီးစဉ်အဖြစ် ကိဗ်မြို့ သို့ အတူ သွားရောက်ခဲ့ကြပါတယ်။

အီရန်ဆီက တာတိုပစ် ဒုံးကျည် အသစ်တွေ ရုရှား ဝယ်ယူထားပြီးပြီ ဆိုတာကြောင့် မော်စကိုရဲ့ ပစ်အား ပိုကောင်းလာမယ်လို့ မျှော်လင့်ရပြီး နှစ်လတောင် မလိုတော့တဲ့ အချိန်အတွင်း ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲ ရလဒ်က ယူကရိန်းနဲ့ ပတ်သက်လို့ ဝါရှင်တန်ရဲ့ ရပ်တည်ချက် သိသိသာသာ ပြောင်းလဲ သွားနိုင်ပါတယ်။

ဝန်ကြီး လမ်မီနဲ့အတူ ကိဗ်သို့ ၉ နာရီကြာ ရထားစီးပြီးလာခဲ့တဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ယူကရိန်းကို ကူညီမယ့် စီးပွားရေး အစီအစဉ်အသစ်အနေနဲ့ အမေရိကန်က ကန်ဒေါ်လာ ၇၁၇ သန်း ပေးမယ်လို့ ပြောကြားထားပါတယ်။

ရုရှား တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့တဲ့ ယူကရိန်းရဲ့ ဓာတ်အားပေး အခြေခံအဆောက်အအုံတွေကို အမေရိကန်က အားကောင်းအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပြီး စီးပွားရေး အကူအညီလည်းပေးမှာ ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ဆောင်းရာသီမှာ အေးလွန်းတဲ့ အခြေအနေတွေကို လက်နက်လို အသုံးချနေတယ်လို့ ဝန်ကြီး ဘလင်ကန်က စွပ်စွဲထားပါတယ်။

မိမိတို့ရဲ့ ထောက်ပံ့မှု အားလျှော့သွားမှာ မဟုတ်သလို မိမိတို့ရဲ့ စည်းလုံးမှု ပြိုကွဲသွားမှာ မဟုတ်ဘူးလို့ ကိဗ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး ဘလင်ကန်က ပြောကြားပါတယ်။

ဗြိတိန်ရဲ့ နှစ်လသက်တမ်းပဲရှိသေးတဲ့ လေဘာပါတီ အစိုးရက ယူကရိန်းအတွက် စီးပွားရေး အကူအညီ ကန်ဒေါ်လာ ၇၈၂ သန်းပေးမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး လမ်မီက ထပ်မံ ကတိပြုခဲ့ပါတယ်။

လောလောဆယ်မှာ ယူကရိန်း အနေနဲ့ အနောက်တိုင်း လက်နက်တွေ အသုံးပြုပြီး ရုရှားနိုင်ငံထဲကို တိုက်ခိုက်မှုတွေ မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

အဲဒီအချက်တွေကို ဖြေလျှော့ပေးဖို့ ယူကရိန်းက တောင်းဆိုထားပြီး အမေရိကန်နဲ့ ဗြိတိန်တို့က အလျင်အမြန် အဖြေ ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

ဒီလို ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ တွန်းအားပေးနေတဲ့ ဗြိတိန်က အခုနှစ်အတွင်း ယူကရိန်းသို့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပေးပို့ သွားမယ်လို့ ကတိပြုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.