စစ်ကိုင်း ၊ စက်တင်ဘာ ၁၂

အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က စက်တင်ဘာ ၁၀ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အဲဒီ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်မှာ အရပ်သား နေအိမ် ၂၁၀၀ ကျော်၊ ၂၀၂၂ ခုနှစ်မှာ ၄၆၈၀၀ ကျော်၊ ၂၀၂၃ ခုနှစ်မှာ ၃၁၄၀၀ ကျော်နဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်အထိ နေအိမ်အလုံးပေါင်း ၂၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်အလုံးပေါင်း ၇၃၁၀၀ ကျော် ဆုံးရှုံးခဲ့ရတဲ့အတွက် တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ်စုစုပေါင်းရဲ့ ၇၂ ရာခိုင်နှုန်းကျော်ရှိပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နဲ့ ချင်းပြည်နယ်တို့မှာလည်း အရပ်သားနေအိမ်ပေါင်း ၂၃၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အစီရင်ခံစာရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

အာဏာသိမ်းမှုအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးပြင်းထန်လာခဲ့ပြီး လက်နက်ကိုင် ခုခံတော်လှန်စစ်အားကောင်းတဲ့ နယ်မြေတွေမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အလားတူ စစ်ကောင်စီစစ်ကြောင်းတွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့ မြို့ရွာဒေသတွေနဲ့ တော်လှန် ရေးအင်အားစုတွေကို ထောက်ခံတဲ့ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ Data for Myanmar က ဆိုပါတယ်။

တစ်ဘက်မှာ စစ်ကြောင်းထိုးမီးရှို့တာအပြင် လက်နက်ကြီး လေကြောင်းနဲ့ စစ်သင်္ဘောတွေက ပစ် ခတ်မှုတွေကြောင့် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

နေအိမ်တွေမီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒေသခံတွေရဲ့ လုံခြုံရေး၊စီးပွားရေး၊ လူမှုရေးဆိုင်ရာတွေမှာ ကြီးမားစွာထိခိုက်ခံစားခဲ့ရပြီး မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတချို့မှာ နေရပ်မပြန်နိုင်သေးဘဲ တိမ်း ရှောင်နေရဆဲလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အရပ်သားတွေနဲ့ အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာတွေ အမြန်ဆုံးရပ်တန့်ဖို့ ဖိအားပေးသင့်သလို လုံလောက်တဲ့ လူသားချင်းစာနာမှုအကူညီတွေ ထောက်ပံ့ပေးသင့်တယ်လို့ Data for Myanmar က အကြံပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.