သံဖြူဇရပ်မှာ၊ စက်တင်ဘာ ၁၂

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲမှာ အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာပြီး မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှု မြင့်တက်လာပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ သံဖြူဇရပ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့သြဂုတ် ၂၀ ရက်နေ့ကနေ စက်တင်ဘာ ၁၁ ရက်နေ့အထိ သုံးပတ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဟာ သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီး၊ ရဲတံခွန်နဲ့ အေးသာယာကျေး ရွာတွေမှာ ဖြစ်ပွားခဲ့ပြီး တောတောင်တွေထဲ မိသားစုဝမ်းရေးအတွက် ထင်းခုတ်၊ မှိုနုတ်၊ ဝဥသွားတူးတဲ့ ဒေသခံတွေ မြေမြှုပ်မိုင်းနင်းမိနေတာပါ။

မြေမြှုပ်မိုင်း မကြာခဏပေါက်ကွဲနေတဲ့ အဲဒီကျေးရွာတွေဟာ စစ်ကောင်စီတပ်အပြင် တော်လှန် ရေး အင်အားစုတွေ စစ်ရေးလှုပ်ရှားတဲ့ ဒေသတွေဖြစ်ပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကို နှစ်ဖက်အပြန်အလှန် စွပ်စွဲမှုတွေရှိနေပါတယ်။

သံဖြူဇရပ်မြို့နယ်ထဲမှာ မြေမြှုပ်မိုင်းတွေ မကြာခဏပေါက်ကွဲလာတဲ့အတွက် ဒေသခံပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပြီး မိုင်းရှင်းလင်းပေးဖို့ လိုလားနေကြပါတယ်။

လဂွန်းအိမ်စာစဉ်ကနေ ကောက်ယူတွေ့ရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်အထိ ၈ လတာအတွင်း မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၂၀ နဲ့ သေဆုံးသူနှစ်ဦး ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအလွန် ပြည်သူတွေဟာ မိုင်းအန္တရာယ်ကို ပိုမိုကြုံတွေ့ရပြီး အသက်အန္တရာယ်ကို ခြိမ်း ခြောက်နေတဲ့အပြင် တစ်ဘက်မှာ လမ်း၊တံတားစတဲ့ ပြည်သူပိုင်အဆောက်အအုံတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုကလည်း ကြီးမားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်ရေးဖော်ဆောင်ရာမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စက်လက်နက်ပစ္စည်းတွေအန္တရာယ်ကနေ ပြည်သူတွေကို အကာအ ကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.