မော်လမြိုင်၊ စက်တင်ဘာ ၁၁
စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေလာတာကြောင့် နိုင်ငံတဝန်းရှိ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာ ၁၀ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
ညီနောင်သုံးဖွဲ့က စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်တွေကို မှတ်တမ်းတင်ထားရှိပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/09/90f259cf-75ab-4ef5-8831-c4c95fb62de5.jpg?resize=640%2C360&ssl=1)
မြန်မာနိုင်ငံအနှံ့အပြားမှ တပ်ရင်း တပ်စခန်းတွေကို နေ့စဉ့်နဲ့အမျှ လက်လွှတ် ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေနဲ့ စစ်ရှုံးပြီး စွန့်လွှတ်ခဲ့ရတဲ့ စခန်းဟောင်းတွေကိုပါ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတာပါ။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/09/0641901e-2d54-4af7-8fb3-a864215cc351.jpg?resize=640%2C360&ssl=1)
စစ်ရှုံး စစ်ကောင်စီရဲ့ အခုလို လေကြောင်းတိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံအနှံ့အပြားမှ အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်၊ ရဟန်းရှင်လူနဲ့ ပြည်သူလူထုအပါအဝင် စစ်သုံ့ပန်းအဖြစ် ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေပါ ထိခိုက်သေဆုံးတာတွေ နေ့တိုင်းနီးပါး ရှိနေတယ်လို့ ဆိုပါတယ်။
အကြမ်းဖက် လုပ်ရပ်တွေကို ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်နေတဲ့ စစ်ကောင်စီခေါင်းဆောင်တွေရဲ့ အမိန့်ပေးခြင်းခံရတဲ့ လေသူရဲတွေအနေနဲ့ အခုလို အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွေမှာ ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ကြဖို့ ညီနောင်သုံးဖွဲ့က တိုက်တွန်းထားပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/09/d78b6984-cf3e-4e80-abbe-3f5927c33821.jpg?resize=640%2C480&ssl=1)
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည်ရရှိဖို့ လက်တုံ့ပြန်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ပထမအပတ်မှာ ပြောဆိုပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နဲ့ ပိုများလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် ညပိုင်းမှာလည်း မောင်တောမြို့ရှိ ရက္ခိုင့်တပ်တော် AA ရဲ့ အကျဉ်းစခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းအပါအဝင် အကျဉ်းသား ၅၀ ကျော်သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – 3BA