မြဝတီ၊ စက်တင်ဘာ ၁၁

မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ သောင်ရင်းမြစ်ရေ ဆက်တိုက် မြင့်တက်လာတဲ့အတွက် မြန်မာ-ထိုင်းနယ်စပ်မြို့ မြဝတီမြို့မှာ အဆိုးဝါးဆုံး ရေကြီးနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

၃ ရက်ဆက်တိုက် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေတွေ စီးဆင်းကျဆင်းလာတဲ့အတွက်ကြောင့် ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းနံဘေးရှိ ကျေးရွာတွေနဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေမှာ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

မြဝတီမြို့ပေါ် အမှတ် ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ရပ်ကွက်တို့မှာ စက်တင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းကစပြီး သောင်ရင်းမြစ်ရေကြီးလာနေတဲ့အတွက် အနိမ့်ပိုင်းနေရာတွေ အားလုံးသာမက အမှတ် ၁ ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်အထိပါ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာပါ။

မြဝတီမြို့ ရေကြီးမှုဟာ ဒီနေ့ ညနေပိုင်းမှာ အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိလာပြီး ကယ်ဆယ်ရေးသမားတွေကလည်း ကယ်ဆယ်ရေးပစ္စည်းနဲ့လူအင်အားအခက်အခဲကြောင့် ရေဘေးသင့်ပြည်သူအားလုံး ကယ်ထုတ်ဖို့ အခက်အခဲဖြစ်နေကြပြီလို့ သိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စက်တင်ဘာ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၁၀ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၃ ပေခန့် မြင့်တက်လာနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်တဲ့အတွက် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့လည်း မိုးဇလက တိုက်တွန်းထားပါတယ်။

မိုးဆက်တိုက်ရွာသွန်းနေပြီး တောင်ကျရေတွေ ကျဆင်းလာနေသလို မြစ်ချောင်းရေတွေ ကြီးလာနေတဲ့အတွက် မြဝတီ၊ ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့၊ ကျိုက်ဒုံ စတဲ့မြို့တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့အတွက် မြေနိမ့်ပိုင်းနေရာတွေမှာ နေအိမ်တွေနစ်မြုပ်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ထို့ကော်ကိုး-မြဝတီတောင်ပေါ်လမ်းပိုင်းမှာလည်း တောင်ကျရေစီးဆင်းလာမှုကြောင့် လမ်းပိုင်းတွေ ပျက်စီးနေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းနဲ့ ဩဂုတ်လအစောပိုင်းက သံလွင်၊ သောင်ရင်း၊ ဟောင်သရော၊ ဇမိ၊ လှိုင်းဘွဲ့မြစ် စတဲ့ မြစ်ချောင်းတွေ ရေကြီးမှုဖြစ်ခဲ့တဲ့အတွက် ပြည်နယ်တစ်ဝန်း လူ ၇ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်းဆီ ရောက်ရှိခိုလှုံနေထိုင်ခဲ့ရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.