မကွေး စက်တင်ဘာ ၁၁

မကွေးတိုင်း ပွင့်ဖြူ-စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာတွေက လမ်းပိုင်းတွေမှာ သွားလာခြင်းမပြုလုပ်ဖို့ ပွင့်ဖြူ ပ.က.ဖ က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။

ရုန်းပင်ရွာ၊ ရေရင်ရွာ၊ ဝန်လိုရွာ၊ ခိုနန်းရွာနဲ့ ကန်ရွာတွေကို ချိတ်ဆက်ထားတဲ့ လမ်းပိုင်းတွေကို စစ်ရေးတင်းမာနေလို့ အသုံးမပြုကြဖို့ ထုတ်ပြန်ထားတာပါ။

“အရင်ရက်ကလည်း ပုသိမ်-မုံရွာလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေဖြစ်ကြတယ်။ အဲဒါကြောင့်မလို့ မသွားခိုင်းတာ ဖြစ်ပါလိမ့်မယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေရင်ရွာနဲ့ ရုန်းပင်ရွာဟာ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိပြီးတော့ စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းတက်သွားပြီး မကြာခင် လက်နက်ကြီး ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ သိရပါတယ်။

ဝန်လို၊ ခိုနန်းနဲ့ ကန်ရွာတွေကတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်မှာကတည်းက တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြရတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာ စက်တင်ဘာ ၈ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး မကြာခဏဆိုသလို လက်နက်ကြီးသံတွေကို မြို့ပေါ်ကပါ ကြားနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကနေ ၂၁ ရက်အထိ စစ်ကောင်စီက ဝန်လို၊ ခိုနန်းကျေးရွာတွေကို စစ်ကြောင်းထိုးရာမှာ ကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်လို့ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.