ပုလော၊ စက်တင်ဘာ ၁၁

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီးနောက် ပလောက်သင်တန်းကျောင်းထံ ပို့ဆောင်ခံရတဲ့ လူငယ် ၂၇ ဦးဟာ စစ်ကောင်စီတပ်သားတွေကို ပြန်လည်ခုခံပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဲဒီလူငယ်တွေဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် မြန်မာဘက်ကို ပို့ဆောင်ချိန် ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကော့သောင်းမြို့ ဆိပ်ခံဘောတံတားမှာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကို ခံခဲ့ရတာပါ။

အဲဒီနောက် မြိတ်မြို့ကနေတစ်ဆင့် ပလောက်မြို့အခြေစိုက် တကက ၁၂ လို့ ခေါ်တဲ့ အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို စက်တင်ဘာ ၇ ရက်နေ့ကစပြီး ရေလမ်းကြောင်းကနေ ပို့ဆောင်ခဲ့တာပါ။

စက်တင်ဘာ ၈ ရက်နေ့ ညပိုင်းမှာတော့ ပုလောမြို့နယ် ခန္တီရွာအနားက ပင်လယ်ပြင်မှာ လှေပေါ်ပါလာတဲ့ စစ်ကာင်စီတပ်သားနှစ်ဦးကို ပြန်လည် တိုက်ခိုက်ကာ သေနတ် နှစ်လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ် ၂၇ ဦးကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း ၇ တပ်ခွဲ ၅ မှာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၄ ရဲ့ ကရင်ဘာသာနဲ့ ထုတ်ပြန်ထားတဲ့ သတင်းမှာလည်း ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ် ၂၇ ဦးနဲ့အတူ စစ်ကောင်စီထံမှ ရရှိခဲ့တဲ့ သေနတ် နှစ်လက်ကိုလည်း ဖော်ပြထားပါတယ်။

နိုင်ငံအနှံ့ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တပ်အင်အား ချိနဲ့လာတာကြောင့် နိုင်ငံတစ်ဝန်းက လူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေအပြင် ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရတဲ့သူတွေကိုလည်း ဖမ်းဆီးပြီး စစ်သားစုဆောင်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ တတိယအပတ်မှာလည်း နိုင်ငံတစ်ဝန်းရှိ အသက် ၃၅ နှစ်အထက် အမျိုးသားတိုင်း ရပ်ကွက်နဲ့ ကျေးရွာ ပြည်သူ့လုံခြုံရေး ကြီးကြပ်ရေးအဖွဲ့တွေမှာ ပါဝင်ရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KKL

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.