မော်လမြိုင် ၊ စက်တင်ဘာ ၁၂

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump တို့ဟာ စက်တင်ဘာ ၁၀ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေးနဲ့ နယ်စပ်ကုန်သွယ်မှု အားကောင်းစေရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေအပါအဝင် ပို့ကုန်သွင်းကုန်ကဏ္ဍအတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ အဆင်ပြေချောမွေ့စေဖို့နဲ့ ခရီးသွားကဏ္ဍမြှင့်တင်ဖို့ ကိစ္စရပ်တွေပါ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်းသံရုံးဘက်ကတော့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ လာရောက်တွေ့ဆုံမှု နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီက ထိုင်းနိုင်ငံနဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ရင်းနှီး မြှုပ်နှံမှုတွေ ဖွံ့ဖြိုးတိုးတက်လာရေး ပြောဆိုနေပေမယ့် တိုင်းပြည်မတည်ငြိမ်တာကြောင့် ဘယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ဝင်ရောက်ဖို့မရှိဘူးလို့ ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံတယ်ဆိုတာကလည်း တိုင်းပြည်တည်ငြိမ်မှ ရင်းနှီးမြှုပ်နှံလို့ရမှာလေ။ တိုင်းပြည်မတည်ငြိမ်ရင် ဘယ်လိုလုပ် ရင်းနှီးမြှုပ်နှံလို့ရမှာလဲ။ နိုင်ငံရေးအခြေအနေပေါ် မူတည်တယ်။ နိုင်ငံ ရေးဆိုတာကလည်း ဘာမှမဟုတ်ဘူး။ ညှိနှိုင်းရမယ်။ နံပါတ်တစ်အချက် တိုက်ရင်တိုက် မတိုက်ရင် ညှိနှိုင်းရမယ်။ ဒါပဲ အမြစ်ပြတ်အောင်တော့ လုပ်လို့မရဘူး။ ညှိနှိုင်းလိုက်လို့ ရှိရင်တော့ နိုင်ငံခြား သားတွေက လာလုပ်နိုင်တယ်လေ။ ဟိုဘက်ဒီဘက် ငြိမ်းချမ်းသွားရင်ပေါ့။ မငြိမ်းချမ်းဘဲနဲ့ တခြိမ့် ခြိမ့် ဖြစ်နေတဲ့နေရာကို ဘယ်နိုင်ငံခြားသားမှ မလာဘူး။ အဲဒါကျိန်းသေတယ်”လို့ ဆိုပါတယ်။

ထိုင်းသံအမတ်ရဲ့ မွန်ပြည်နယ်ခရီးစဉ်ဟာ ဒေသတွင်း လုံခြုံရေးအခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေတဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအပါအဝင် နယ်စပ်ကုန်သွယ်ရေးကနေ နှစ်နိုင်ငံကုန်သွယ်နိုင်ခြင်း ရှိ မရှိ အခြေအနေကို လာရောက်လေ့လာတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံး သပ်မှုတွေ ရှိနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီဟာ ထိုင်း-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးကို ရေကြောင်းလမ်းကနေတဆင့် ပြောင်းလဲကျင့်သုံးနေတာပါ။

ရေကြောင်းကတဆင့် ကုန်သွယ်မှုဟာ ကုန်တင်ကားတွေနဲ့ ပို့ဆောင်တာထက် ကုန်ကျစရိတ်များပြီး ပစ္စည်းအများကြီးကို စုဆောင်းကာ တစ်ခါတည်း ပို့ရတာဖြစ်တဲ့အတွက် အချိန်ကြန့်ကြာမှုတွေ ရှိနေပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ထိုင်းနိုင်ငံအတွင်းက ဝင်ရောက်လာတဲ့ ကုန်စည်တွေကို လုံခြုံရေးအကြောင်းပြပြီး ဖွင့်လှစ်ထားတဲ့ဂိတ်တွေမှာ တရားမဝင် ဝင်ရောက်လာတယ်ဆိုပြီး မထင်ရင် မထင်သလို ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်ဟာ ထိုင်းကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နဲ့ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေအပြင် အထွေထွေသုံးကုန်ပစ္စည်းတွေကို အဓိက တင်သွင်းအသုံးပြုနေရတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.