ဝါရှင်တန်၊ စက်တင်ဘာ ၁၁

နှစ်နိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေကြား ပထမဆုံး တိုက်ရိုက် ဆွေးနွေးမှုအတွင်း အမေရိကန် အကြီးတန်း စစ်ဖက်အရာရှိက တရုတ်အစိုးရအနေနဲ့ တောင်တရုတ်ပင်လယ်မှာ အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေ မပြုလုပ်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ဟာ ကုန်သွယ်ရေးကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ထင်တိုင်းကြဲမှုတို့အထိ ကိစ္စအတော်များများနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံစလုံးက အငြင်းပွားနေတဲ့ အခြေအနေတွေကနေ ထိန်းမနိုင်သိမ်းမရ အခြေအနေတွေ ဖြစ်ပေါ်မလာစေရေး ကြိုတင်တားဆီးတဲ့အနေနဲ့ နှစ်ဖက် စစ်တပ်တွေကြား ပုံမှန် အဆက်အသွယ် ပြန်လည်ထားရှိရေး သဘောတူညီခဲ့ကြပါတယ်။

အမေရိကန်ရဲ့ အင်ဒို – ပစိဖိတ်ဒေသဆိုင်ရာတပ်မမှူး ဆမ်မြူရယ် ပါပါရိုနဲ့ တရုတ်စစ်တပ်ရဲ့ တောင်ပိုင်း တပ်မမှူး ဝူယာ နန်တို့ဟာ စက်တင်ဘာ ၁၀ ရက်မှာ ဗီဒီယို ဆက်သွယ်မှု စနစ်နဲ့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ရဲ့ စစ်တပ် နှစ်ခုကြား ဆက်သွယ်ရေးလိုင်း ဆက်လက်ထားရှိရေး အရေးကြီးကြောင်း တပ်မမှူး ဆမ်မြူရယ်က ပြောကြားခဲ့ပါတယ်။

ဒီလို နှစ်ဖက် ဆွေးနွေးမှုတွေက နားလည်မှုလွဲစေမယ့် အတွက်အချက် မှားယွင်းစေမယ့် အန္တရာယ်တွေကို လျှော့ချရေး၊ ပြေလည်စေရေး ရည်ရွယ်တယ်လို့ ဆမ်မြူရယ်က ပြောပါတယ်။

ဒါပေမဲ့ သူက တရုတ်အနေနဲ့ ဒေသတွင်း အမေရိကန် မဟာမိတ်တွေကို အန္တရာယ် ဖြစ်စေတဲ့ လုပ်ရပ်တွေ မလုပ်ဖို့လည်း သတိပေးခဲ့ပါတယ်။

တရုတ် စစ်တပ်အနေနဲ့ တောင်တရုတ်ပင်လယ်နဲ့ အဲဒီထက် ပိုကျယ်ပြန့်တဲ့ ဒေသတွေမှာ အန္တရာယ်ရှိတဲ့ တင်းမာမှု မြင့်တက်စေနိုင်တဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ ပြန်လည်စဉ်းစားသင့်တယ်လို့လည်း ဆမ်မြူရယ်က တရုတ် တပ်မမှူး ဝူကို ပြောပါတယ်။

တပ်မမှူး ဝူရဲ့ လက်အောက်က တပ်မဟာ တရုတ်ကမ်းခြေစောင့်တပ်နဲ့ ဖိလစ်ပိုင် သင်္ဘောတွေ မကြာခဏ ထိပ်တိုက်တွေ့နေတဲ့ တောင်တရုတ် ပင်လယ်အတွက် တာဝန်ခံထားတဲ့ တပ်မ ဖြစ်ပါတယ်။

တရုတ်က တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို သူတို့ ပိုင်တယ်လို့ ပြောဆိုထားပြီး အခြားနိုင်ငံတွေရဲ့ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေကို အလေးမထားသလို နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက ဘေဂျင်းရဲ့ ပြောဆိုမှု တရားမဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ဂရုမစိုက်ဘဲ ထင်တိုင်းကြဲနေတာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.