ပေါက်တော၊ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေကို ဆေးကုပေးတဲ့နေရာ ဗုံးကြဲခံရတာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် ၁၇ ဦးသေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တင်ဘာ ၈ ရက် ည ၇ နာရီအချိန်ခန့်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲခဲ့တာပါ။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၇ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေထဲမှာ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတွေထဲမှ ကျန်းမားရေး ဆိုးဝါးနေပြီး ဆေးကုသဖို့ လိုအပ်နေတဲ့ အရာရှိတချို့၊ စစ်ကောင်စီ သတင်းပေးတချို့နဲ့ သတင်းပေး သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေသူတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါအပြင် အဲဒီထဲမှာ ပြစ်ဒဏ်ကျခံနေသူတချို့၊ အကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ ကျန်းမားရေးဝန်ထမ်းအပြင် အဲဒီအနီးနားရှိ အရပ်သားပြည်သူနဲ့ ကလေးတချို့ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် ၁၂ ရဲတပ်ရင်းနဲ့ ပွိုင့်ရေတပ်စခန်းတွေမှ ပေါက်တောမြို့အတွင်းကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့ကလည်း မြောက်ဦးမြို့ရှိ မြို့ပေါ်ရပ်ကွက်မှာ ဗုံးကြဲခံရတာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA