နယူးယောက်၊ စက်တင်ဘာ ၇

မန်ဟတ်တန်ဒေသဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့ နှုတ်ပိတ်ခ ငွေပေးမှုအတွက် ဒေါ်နယ်ထရန့်ကို လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲပြီးနောက်မှ အမိန့်ချမှတ်ဖို့ စီစဉ်ထားကြောင်း တရားသူကြီးက ပြောပါတယ်။

ဒီအမှုအတွက် အမိန့်ချမှတ်ဖို့ အကောင်းဆုံးအချိန်ကို ရွေးချယ်ထားပြီး နိုဝင်ဘာ ၂၆ ရက်မှာ အမိန့် ချမှတ်သွားမယ်လို့ တရားသူကြီး ဟွန်မာချန်က စက်တင်ဘာ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရီပက်ဘလေကန် ပါတီကိုယ်စားပြုပြီး သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဒေါ်နယ်ထရန့်ရဲ့ ရှေ့နေတွေက စက်တင်ဘာ ၁၈ ရက်မှာ အမိန့်ချမှတ်မယ့် အရင်က အစီအစဉ်ကို နောက်ဆုတ်သွားအောင် ဥပဒေ နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြပါတယ်။

သမ္မတဟောင်း ထရန့်ဟာ စီးပွားရေးလုပ်ငန်း ဆိုင်ရာ မှတ်တမ်းတွေကို အတုပြုလုပ်မှု စွဲချက် ၃၄ ခု အတွက် ပြစ်မှု ထင်ရှားကြောင်း နယူးယောက် တရားသူကြီး တစ်ဦးက မေလအတွင်းမှာ စစ်ဆေး တွေ့ရှိခဲ့ပြီး ရာဇဝတ်မှုအတွက် ပြစ်မှု ထင်ရှားတဲ့ ပထမဆုံး အမေရိကန် သမ္မတဟောင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ထရန့်ရဲ့ နှုတ်ပိတ်ခ ငွေပေးမှု အမှုအတွက် အမိန့်ချမယ့် အချိန်ကို နောက်ဆုတ်လိုက်တာဟာ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့ တရားသူကြီးက ပြောပါတယ်။

တရားခံဟာ သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တစ်ယောက် ဖြစ်နေတာကြောင့် ရွေးကောက်ပွဲကို မထိခိုက်စေချင်တဲ့ အတွက်လည်း အခုလို အမိန့်ချမယ့် အချိန်ကို နောက်ဆုတ်လိုက်တာ ဖြစ်တယ်လို့ တရားသူကြီး ဟွန် မာချန်က ပြောကြားပါတယ်။

ထရန့်ဟာ အဲဒီအမှုအတွက် ထောင်ဒဏ် လေးနှစ်အထိ ကျခံ ရနိုင်ပေမယ့် တရားသူကြီး ဟွန် မာချန်က ဒဏ်ငွေချမှတ်တာ ဒါမှမဟုတ် ပိုလျော့နည်းတဲ့ ထောင်ဒဏ် ချမှတ်ဖို့ အတွက်လည်း စဉ်းစားနိုင်ချေရှိပါတယ်။

ထရန့်ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလ နောက်ဆုံးရက်တွေမှာ အရင်က အပြာဇာတ်လမ်း မင်းသမီး ဖြစ်ခဲ့သူ စထရွန်မီ ဒန်နီရယ် နှုတ်ပိတ်သွားစေဖို့ ငွေပေးခဲ့တယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်။

မစ္စ ဒန်နီရယ်က သူနဲ့ ထရန့်တို့ လိင်ဆက်ဆံခဲ့ပြီး အဲဒီအကြောင်းကို ထုတ်မပြောဘဲ နေပေးဖို့အတွက် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ထရန့်ရဲ့ ရှေ့နေ တစ်ယောက်ကနေ တဆင့် ဒေါ်လာ ၁၃၀၀၀ လက်ခံရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ထရန့်က အဲဒီကိစ္စကို ဖုံးနိုင်သမျှ ဖုံးဖိထားခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ဒါဟာ မိမိကို နိုင်ငံရေးအရ တိုက်ခိုက်မှု ဖြစ်တယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.