ဘီးလင်း၊ စက်တင်ဘာ ၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီနဲ့အလူးလေးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ တော် လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် သူတို့ဘက်က ပြန်လည်ပစ်ခတ်တာမရှိဘဲ မောင်းပြေးသွားတယ်လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ဘီးလင်းအခြေစိုက်အမှတ် ၈ ခြေလျင်တပ်ရင်းကနေ ဘီးလင်းဆေးရုံထံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ကင်းပုန်းဝပ်တာနဲ့ ဗျူဟာအရ စခန်းချ တပ်စွဲတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ မစောတံတားအနီးက စစ်ကောင်စီရဲ့ လုံခြုံရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက် ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

ပုံဟောင်းဖြစ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.