ပုလော၊ စက်တင်ဘာ ၇

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သား ၄၀ ထက်မနည်း ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစပြီး ပလမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လမ်းမှာတွေ့သမျှ အရပ်သားပြည်သူတွေကို ဖမ်းဆီးခဲ့တာပါ။

တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လမ်းမှာတွေ့သမျှ အမျိုးသား၊ အ မျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လူးသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ပလဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီထဲက အသက် ၆၀ ကျော်အရွယ် သက်ကြီးရွယ်အိုတွေကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့ပြီး စစ်မှုထမ်းအသက်အကျုံးဝင်တဲ့ အမျိုးသားအမျိုးသမီးနှစ်ဆယ်ကျော် ဒီကနေ့အချိန်ထိ ဆက် လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်တစ်နေ့လုံးနီးပါး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်အပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ရေလမ်းကနေတစ်ဆင့် ပလမြို့ထဲကို အင် အားအများအပြားနဲ့ ရောက်ရှိလာပြီး အဲဒီစစ်ကြောင်းကို ဗျူဟာမှူးတစ်ဦးက တိုက်ရိုက်ကွပ်ကဲနေတယ်လို့ တော်လှန်ရေးအင်အားစုနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ပလမြို့အတွင်းရှိ နေအိမ်နဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲထားပြီး ကင်းပုန်းဝပ်တာနဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့ကလည်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဖွဲ့ဝင် ၄ ဦးထက်မနည်းသေဆုံးခဲ့သလို အရပ်သားပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.