နေပြည်တော် ၊ စက်တင်ဘာ ၈

သတ်မှတ်ကာလအတွင်း သန်းခေါင်စာရင်း မကောက်ယူနိုင်တဲ့ နေရာတွေကို ဒီဇင်ဘာလမတိုင်မီ သန်းခေါင်စာရင်း အပြီးကောက်ဖို့ အာဏာသိမ်း ဒုတိယခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားလိုက်ပါတယ်။

စက်တင်ဘာ ၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ပဉ္စမအ ကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း ဒုစစ်ခေါင်းဆောင်က ညွှန်ကြားလာတာပါ။

စစ်ကောင်စီက ၂၀၂၄ ခုနှစ်ရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို လာမယ့်အောက်တို ဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သတ်မှတ်ထားတာပါ။

သန်းခေါင်စာရင်း ကောက်ယူမယ့် ကာလကို ၁၅ ရက် သတ်မှတ်ထားပေမယ့် လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ရက်တိုးမြှင့်ကောက်ယူဖို့ လိုအပ်ပါက အစီရင်ခံ တင်ပြကြဖို့ ဒုစစ်ခေါင်းဆောင်က ညွှန်ကြားလာပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ရှေ့ပြေးစာရင်းအဖြစ် ဒီဇင်ဘာ လအတွင်း ထုတ်ပြန်မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ မဖြစ်မနေပူးပေါင်းပါဝင်ကြဖို့ လိုအပ်နေတယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုဟာ သူတို့ရဲ့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်တဲ့အတွက် မပူးပေါင်းမပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်အတွင်း မြို့ပေါင်း ၈၀ နီးပါး ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ သန်းခေါင် စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူနိုင်ဖို့ မရှိဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ကောင်စီ ခန့်မှန်းထုတ်ပြန်တဲ့ လူဦးရေစာရင်းအရ နိုင်ငံတဝန်းမှာ အမျိုးသား၊အမျိုးသမီး ၅၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.