တနင်္သာရီ၊ စက်တင်ဘာ ၈

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ တောင်ပိုင်းညီနောင်များ တပ်ပေါင်းစုစစ် ကြောင်းထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ကနေစပြီး တနင်္သာရီမြို့နယ် ပိန်းတောကျေးရွာတပ်စခန်းထံ တပ်ချိန်းဖို့ အင်အား ၉၀ လောက်နဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ခြောက်မိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲစတင် ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က စစ်ကူအင်အားတွေ ထပ်မံဖြည့်တင်းလာတဲ့အတွက် ဘန်လော၊ ညောင်ပင်ကွင်း၊ ခြောက်မိုင်ကျေးရွာတွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဟာ စက်တင်ဘာ ၇ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး တစ်ရက်လျှင် အ နည်းဆုံး နှစ်ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေတယ်လို့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ၁၀ ရက်တာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ခုနှစ်ဦးသေဆုံးထားပြီး ၃၀ ကျော် ဒဏ်ရာရရှိထားသလို တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဘက်ကလည်း ရဲဘော်နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ခြောက်မိုင်၊ ထုံတော်၊ ဘန်လော၊ ညောင်ပင်ကွင်းနဲ့ရေခမ်းချောင်းကျေး ရွာတွေက ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေထံ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း ဘန်လောကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ချောဆွဲလာတဲ့ ကားသမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ရာမညအင်စတီကျူသုတေသနဌာနရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လအ တွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထု ၆၀၀၀ ထက်မနည်း စစ်ရှောင်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.