နေပြည်တော်၊ စက်တင်ဘာ ၈

စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်ကောင်စီဟာ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သ လို တုံ့ပြန်မယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် နှစ်ရက်အတွင်း အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရပါတယ်။

စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ ရှမ်းတောင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ချင်း၊ မကွေးနဲ့ မန္တလေးတို့မှာ အရပ်သားတွေ နေထိုင်တဲ့ မြို့ရွာတွေ စစ်ရှောင်စခန်းတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ပြည်နယ်နဲ့တိုင်းက မြို့ ၇ မြို့ မှာ ကိုယ်ဝန်ဆောင်မိခင်၊ ကျောင်းသားတွေ၊ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း အဖွဲ့အစည်းတွေကနေ သိရပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်စေချင်တဲ့အတွက် စစ်ရေးပစ်မှတ်ဟာ ပြည်သူကို ဦး တည်နေတာလို့ သုံးသပ်ပါတယ်။

“သူတို့ရဲ့ (စကစ) စစ်ရေးပစ်မှတ်တွေက ပြည်သူကိုပဲ ဦးတည်နေတာများတယ်။ အဲဒီတော့ ငါတို့ အုပ်ချုပ်ခွင့်မရရင် မင်းတို့လည်း အုပ်ချုပ်ခွင့် မရစေရဘူးဆိုပြီးတော့ ပြည်သူကိုပဲ ဒုက္ခပေးတာများတယ်။ တကယ်တော့ ပြည်သူတွေကို သူတို့ ဖြစ်စေချင်တာက မင်းတို့ကြောင့် ငါတို့ဒုက္ခရောက်တယ်ဆိုတဲ့ပုံစံမျိုး ဒီဘက်ကို (တော်လှန်ရေးအဖွဲ့) ပြန်ပြီး မြှားဦးလှည့်စေချင်တာပေါ့။ ဒါပေမယ့် ပြည်သူတွေကလည်း စဉ်းစားတတ်ပါတယ်။ ဒါ ငါတို့ကို ဒုက္ခပေးနေတာပဲ။ တော်လှန်ရေးအဖွဲ့တွေကိုလည်း နိုင်နင်းအောင် မတိုက်နိုင်ဘူးပေါ့”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်အနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အသုံးချမှုမခံရစေရေးနဲ့ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် သတိပြုကြဖို့ လိုအပ်တယ်ဆိုပြီး စက်တင်ဘာ ၃ ရက်နေ့က တောင်ကြီးခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ် နန်းမယ်ခုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု စတင်ပြုလုပ်လာခဲ့ပြီး ညနေပိုင်းမှာတော့ မန္တလေး တိုင်း နွားထိုးကြီးမြို့ နယ် ဆူးရစ်ကုန်းကျေးရွာကို အလားတူ တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီဖြစ်စဉ်နှစ်ခုအတွင်း လူနှစ်ဦးသေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် တအာင်းအဖွဲ့ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ရှိ နောင်ချိုမြို့ နယ်က ရွှေမုဌောရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီနေ့ ည ၉ နာရီလောက်မှာတော့ ရှမ်းတောင် – ကရင်နီအစပ် ဖယ်ခုံမြို့နယ် လအိတိုက်နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို ဆက်လက် ဗုံးကြဲခဲ့တဲ့အတွက် အသက် ၁၁ နှစ်အောက် ကလေးငယ် ၇ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ရပြန်ပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး -၂ ဦးဗညားက လူထုတွေ ကိုယ့်အိမ်ကိုယ့်ရွာမှာ မလုံမခြုံနေရတဲ့အပေါ် ထပ်လောင်းဗုံးကြဲတာဟာ ခွင့်လွှတ်နိုင်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူထုတွေ အေးအေးဆေးဆေး ကိုယ့်အိမ်ကိုယ့်ရွာမှာ ညပိုင်းမလုံမခြုံနဲ့ နေရပါတယ်။ အဲဒီအပေါ် ထပ်လောင်း ဗုံးကြဲခြင်းကလည်း ခွင့်လွှတ်နိုင်တဲ့ မေ့ပျောက်လို့ရတဲ့ လုပ်ရပ်မဟုတ်ဘူး။ အဲဒီအ တွက်ကြောင့်မို့ ဒီဟာကို ကျွန်တော်တို့ကတော့ အဆုံးအစွန် အပြစ်ပေးအရေးယူမှုတွေ လုပ်နိုင်အောင် ကြိုးစားသွားမယ်။ တရားမျှတမှုကို ဖော်ဖို့လိုအပ်တာပေါ့”လို့ ဆိုပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်တပ်ကနေ ကျူးလွန်ခဲ့တဲ့ လူမျိုးပြုန်းဆိတ်သုဉ်းစေတဲ့ စစ်ရာဇဝတ်မှုတွေကို ထိရောက်စွာ နိုင်ငံတကာစစ်ခုံရုံးကနေ အမြန်ဆုံးအရေးယူပေးဖို့ အချက် ၄ ချက်ကို IEC က တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုတွေထဲမှာ တအာင်းအဖွဲ့ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကို စက် တင်ဘာ ၆ ရက်နေ့ မနက် ၁ နာရီကျော်မှာ တိုက်ခိုက်ခဲ့ပြီး ကလေးငယ်နှစ်ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပါတယ်။

အဲဒီနေ့ မနက် ၂ နာရီကျော်မှာလည်း ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် ၄ ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် နေ့လည်ပိုင်းမှာတော့ မကွေးတိုင်း မြိုင်မြို့နယ်ရှိ လက်ယက်မကျေးရွာ စာသင်ကျောင်းကို လေ ကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ရတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကနေ သိရပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ ရှုံးနေတဲ့အတွက် လေကြောင်းကနေ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက် တိုက်ကျူးလွန်နေတာလို့ သုံးသပ်ပါတယ်။

“မြေပြင်တိုက်ပွဲတွေမှာ ရှုံးနေတဲ့အခါ သူ့မှာ တခြားလုပ်စရာ မရှိပါဘူး။လေကြောင်းကနေပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်တာ အမြောက်တွေနဲ့ ပစ်ခတ်တာ။ အဲဒီပစ်ခတ်မှု အလုံံးစုံဟာ စစ်ရေးပစ်မှတ်တွေ မဟုတ်ပါဘူး။ ပြည်သူစစ်မှတ်ပါ။ အဲဒီတော့ပြောရရင် မြေပြင်မှာ စစ်ရေးအရရှုံးနိမ့်နေတဲ့အတွက် လူထုအပေါ်မှာ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာဖြစ်တယ်လို့ ကျွန်တော် သုံးသပ်ပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း တိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် တပ်စခန်းပေါင်း ၂၅၀၀ ကို လက်လွှတ်ခဲ့ရတဲ့အတွက် စိုးမိုးနယ်မြေတွေထဲက မြို့ကြီးမြို့ငယ် စုစုပေါင်း ၈၀ လောက်ကို ဆုံးရှုံးထားရတာပါ။

တစ်ဘက်မှာ ရွေးကောက်ပွဲကို လာမယ့်နှစ် နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ထုတ်ပြောထားတဲ့အ တွက် လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေ ပြန်လည်ရယူဖို့ စစ်ကောင်စီက အဲဒီနယ်မြေတွေကို အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီတိုက်ခိုက်မှုတွေဟာ တော်လှန်ရေးအဖွဲ့တွေကို ဦးတည်ရာမရောက်ဘဲ အရပ်သားတွေအပေါ် သက်ရောက်နေတဲ့အတွက် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်သူတွေကို ဒုက္ခပေးနေခြင်းသာဖြစ်တယ်လို့ ထောက်ပြတာလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.