နေပြည်တော် ၊ စက်တင်ဘာ ၄

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA နဲ့ ရခိုင်အဖွဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီကြေညာမှုဟာ စစ်တံခါးဖွင့်လိုက်တာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စက်တင်ဘာ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကြေညာခံရတဲ့အဖွဲ့တွေဟာ လမ်းတံတားတွေ လျှပ်စစ်တာဝါတိုင်တွေကို မိုင်းထောင်ဖျက်ဆီးတာ၊ လူနေထူထပ်တဲ့ မြို့ရွာတွေကို အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ Drop Bomp တွေချပြီး တိုက်ခိုက်တာနဲ့ နိုင်ငံပိုင်အဆောက်အအုံပစ္စည်းတွေ ဖျက်ဆီးတာတွေကြောင့်လို့ စစ်ကောင်စီက ဆိုပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ စစ်ကောင်စီ ကြေညာခဲ့တာနဲ့ပတ်သက်ပြီး တအာင်းအဖွဲ့ TNLA နဲ့ ရခိုင်အဖွဲ့ AA တို့ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေနဲ့ အဆက်အသွယ်မရရှိခဲ့ ပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာဟာ စစ်ကောင်စီအနေနဲ့ ဆွေးနွေးပွဲညှိနှိုင်းမှုတွေ မလုပ်တော့ဘဲ စစ်ကြေညာလိုက်တဲ့သဘောလို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“ညီနောင်သုံးဖော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အခုပြန်ပြီး ထုတ်ဖော်လိုက်တာက သူတို့နဲ့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေ ညှိနှိုင်းမှုတွေ မလုပ်တော့ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တံခါးတွေ ပိတ်လိုက်ပြီး စစ်တံခါးကို ဖွင့်လိုက်တာပဲ။ ရှေ့ဆက်ပြီးတော့ ညီနောင်သုံးဖွဲ့ရဲ့ တိုက်ပွဲတွေ ဆက်လက်ပြီး သူတို့အနေနဲ့ တုံ့ပြန်တိုက်ခိုက်သွားမယ်ဆိုတဲ့အကြောင်း စစ်ကြေညာလိုက်တဲ့ သဘောပါပဲ”လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်ကြေညာကာ ရှမ်းမြောက်နဲ့ ရခိုင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ပြီး မြို့တွေကို သိမ်းပိုက်ထိန်းချုပ်လာနေတာပါ။

အဲဒီနောက်ပိုင်း တရုတ်ကြားဝင်ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား လေးကြိမ်အထိ ဆွေးနွေးညှိနှိုင်းမှုတွေရှိခဲ့ပြီး အခုနှစ် ဇန်နဝါရီအတွင်း ဟိုင်ဂင်သဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အခုနှစ် ဇွန် ၂၅ ရက်နေ့မှာ ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းတွေရှိတဲ့ မြို့တွေမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအ ဖြစ် တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာပါ။

အရေးနိမ့်မှုတွေ ကြုံနေရတဲ့ စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာတော့ လားရှိုးအခြေစိုက် တိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးခဲ့ရသလို ရှမ်းမြောက်နဲ့ မန္တ‌လေးတိုင်းက မြို့ တချို့ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

ဒီအခြေအနေတွေကြောင့် စစ်ကောင်စီက တရုတ်ရဲ့ စေ့စပ်ဆွေးနွေးမှုတွေ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေဟာ လက်တွေ့မှာ အလုပ်မဖြစ်ဘူးဆိုတာ သဘောပေါက်သွားတဲ့အတွက် ညီနောင်သုံးဖွဲ့ကို အ ကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာတာလို့ သုံးသပ်တာလည်း ရှိနေတာပါ။

တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက စစ်ကောင်စီအနေနဲ့ စစ်ရေးအရ ကြိုးစားလာစရာရှိပေမယ့် သိပ်အကျိုးသက်ရောက်မယ် မထင်ဘူးလို့ ပြောပါတယ်။

“အစကတည်းက သူလည်းပြောထားပြီးသားလေ။ လားရှိုးကို ပြန်တိုက်မယ်လို့ လောက်ကိုင်ကို ပြန်တိုက်မယ်တို့ ပြောထားတော့ စစ်ရေးအရတော့ သူကြိုးစားလာစရာရှိတယ်။ ဒါပေမယ့် ကျွန်မကြည့်တာတော့ သူ့ စစ်တပ်က သူခိုင်းတဲ့အတိုင်း ရမယ်လို့တော့ မထင်တော့ဘူးဗျ၊ သိပ်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သူကလည်း စစ်ကောင်စီရဲ့ သွေးရူးသွေးတန်းဖြစ်လာမှုပေါ့။ သူ့ရဲ့စဉ်းစားမှုတွေက တော်တော်ပရမ်းပတာနိုင်တယ်ဗျ။ ဒါကြောင့်မို့ သူတို့စီးပွားရေးရော၊ ဘာရောထိခိုက်လာတာလည်းပါတယ်။ အဲဒါကြောင့်မို့ ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုး လက်တည့်စမ်းပြီးလုပ်နေတာထင်တယ်။ ဘာမှသိပ်အကျိုးသက်ရောက်မယ် မထင်ပါဘူး။ သူက အကြမ်းဖက်အဖြစ် သဘောထားထား မထားထား တိုက်နေတာပဲလေ”လို့ ဆိုပါတယ်။

တစ်ဘက်မှာတော့ တရုတ်ဦးဆောင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ လောလောဆယ်မှာ ရပ်တန့်သွားနိုင်ပေမယ့် တချိန်ချိန်မှာတော့ စေ့စပ်ဆွေး နွေးမှုတွေ ပြန်ပေါ်နိုင်တယ်လို့ သူကထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAOs တချို့နဲ့ ဆွေး နွေးမှုရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

အဲဒီမြောက်ပိုင်း EAOs အဖွဲ့တွေထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က တရုတ်အထူးကိုယ် စားလှယ်နဲ့ ဆွေးနွေးမှုရှိခဲ့တယ်လို့ သတင်းမီဒီယာတွေကို ထုတ်ပြောထားပြီး ကျန်တဲ့အဖွဲ့တချို့ကတော့ ထုတ်ပြောခြင်းမရှိသေးပါဘူး။

စစ်ကောင်စီကတော့ တော်လှန်ရေး EAOs တွေအပါအဝင် လက်နက်ကိုင်နွေဦးတော်လှန်ရေးအင် အားစုတွေနဲ့ နိုင်ငံအနှံ့ ထိုးစစ်တွေကို ရင်ဆိုင်နေရပြီး အပစ်ရပ်ထိုး EAOs တချို့နဲ့သာ ငြိမ်းချမ်းရေးဆွေးနွေးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA/Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.