လောင်းလုံး၊ ဩဂုတ် ၂၉

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် သောင်ကြာပြင်ကျေးရွာအနီးမှာ လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဗထူးတပ်မတော်က ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၈ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီရဲ့ အမှတ် ၁၀၄ ခြေလျင်တပ်ရင်း ကျောင်းကားအတွက် လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ဗထူးတပ်မတော်က လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီထံကနေ သေနတ် သုံးလက်အပါအဝင် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သလို ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဗထူးတပ်မတော် ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့ နေရာဟာ လောင်းလုံးအခြေစိုက် အမှတ် ၁၀၄ ခြေလျင်တပ်ရင်းနဲ့ လေးဖာလုံလောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။

အဲဒီ ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး သောင်ကြာပြင်ကျေးရွာက ဒေသခံနေအိမ်တွေပေါ် တက်ကာ ဝင်ရောက်ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော် ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား နှစ်ဦး ရွာထဲ ဈေးလာဝယ်စဉ် ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဗထူးတပ်မတော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.