ရေး၊ ဩဂုတ် ၂၉

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ သုံးဆယ်တစ်ပလ္လင်ဘုရားဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘုရားဝင်းအတွင်း တပ်အင်အား ၂၀ ကျော်နဲ့ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို သြဂုတ် ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး ရေးအခြေစိုက် စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး ပစ်ကူပေးတာတွေ ရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိပြီး အရေအတွက် အတိအကျ စုံစမ်းနေတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က ပြောပါတယ်။

တိုက်ပွဲပြီးနောက် လမိုင်းမြို့ အခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းမှ တပ်အင်အား ၅၀ ကျော် စစ်ကူရောက်ရှိလာပြီး မော့ကနင်ရွာသစ်ဘက်ခြမ်းမှာ ဆက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ သုံးဆယ်တစ်ပလ္လင်ဘုရားဝင်းအတွင်း တပ်စွဲထားတာ တစ်ပတ်နီးပါးလောက်ရှိပြီလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ NMSP AD ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ နဲ့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ပူးပေါင်းတပ်ဖွဲ့ဘက်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့ကလည်း ရေးမြို့နယ် အောင်သာယာကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ၊ ကျေးရွာတချို့မှာ တပ်စွဲနေထိုင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.