မကွေး ဩဂုတ် ၂၉

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ပဒါန်း – အမ်းလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၁၅ ဦး ထိခိုက်သေဆုံးတယ်လို့ PRA-Magway စစ်ဦးစီးချုပ် ကိုနောင်သူရိန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ်လ ၂၉ ရက် ဒီနေ့ နံနက်ပိုင်းက အဲဒီစစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာကို တာဝန်ယူထားရတဲ့ ကပစ-၁၄ က ဗိုလ်ကြီးမျိုးကျော်သူပါ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ဗိုလ်ကြီးမျိုးကျော်သူက ငဖဲမြို့နယ်တာဝန်ခံလို့သိရတယ်။ စစ်မှုထမ်းအတွက်ပေါ်တာဆွဲတာကို သူကတာဝန်ခံပြီးတော့ လုပ်ဆောင်နေတယ်လို့ သိရတယ်” လို့ ကိုနောင်သူရိန်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

တော်လှန်ရေးဟာ ပြောင်းလဲလာပြီဖြစ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်တွေထက် တိုးတက်မှုတွေရှိလာပြီဖြစ်လို့ PRA – Magway အနေနဲ့ စစ်ရေးအရှိန်မြှင့်ဖို့ ကြိုးစားနေတယ်လို့ ကိုနောင်သူရိန်က ပြောပါတယ်။

ပဒါန်းအခြေစိုက် အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ ကထွက်လာတဲ့ အင်အား ၆၀ ပါ ဖောကားနှစ်စီးကို ပဒါန်း – အမ်းလမ်းပိုင်း စပ်စီရွာအထက်မှာ နံနက် ၅ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲ ဖြစ်ပွားချိန် ၂၅ မိနစ်ကြာမြင့်ပြီးနောက် ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို ဖောကားနဲ့ သယ်ဆောင်ပြီး ပဒါန်းဘက်ကိုသွားရာမှာ နံနက် ၉ နာရီဝန်းကျင်မှာ နောက်တစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ကပစ – ၁၄ က ဗိုလ်ကြီးမျိုးကျော်သူအပါအဝင် ၁၅ ဦးထိခိုက်သေဆုံးပြီး တိုက်ပွဲ ဖြစ်ပွားရာနေရာတဝိုက်ကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်ကလည်း စစ်ကောင်စီနဲ့ PRA – Magway တို့ ငဖဲမြို့နယ် စွန်ပျော်ရွာမှာ တိုက်ပွဲ ​ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ သြဂုတ် ၁၁ ရက်နေ့မှာတော့ ပဒါန်းမြို့နယ် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကို ရော့ကတ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PRA-Magway

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.