မော်လမြိုင် ၊ ဩဂုတ် ၃၀

စံချိန်တင်မြင့်တက်ခဲ့တဲ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေဟာ အခုရက်ပိုင်းအတွင်း တရွေ့ရွေ့ ပြန်လည်ကျဆင်းလာပေမယ့် အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းလာခြင်း မရှိသေးပါဘူး။

မြန်မာငွေတန်ဖိုး စံချိန်တင် ကျဆင်းမှုကြောင့် ပြည်တွင်း ဒေါ်လာဈေးဟာ သြဂုတ် ဒုတိယအပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့သလို ထိုင်းဘတ်ငွေဈေးကလည်း တစ်ဘတ်ကို ကျပ် ၂၀၀ ကျော်အထိ သမိုင်း တစ်လျှောက် အမြင့်ဆုံး ဈေးနှုန်းဖြစ်ခဲ့တာပါ။

ဒါပေမယ့် နိုင်ငံခြားငွေဈေးတွေဟာ သြဂုတ်နောက်ဆုံးအပတ်မှာတော့ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၅၅၀၀ ဝန်းကျင်၊ ထိုင်းဘတ်ငွေကလည်း တစ်ဘတ်ကို ကျပ် ၁၅၀ ဝန်းကျင်အထိ ဈေးနှုန်းပြန်လည်ကျဆင်းလာခဲ့ပါတယ်။

နိုင်ငံခြားငွေဈေးတွေ ပြန်လည်ကျဆင်းလာပေမယ့် ပြည်တွင်းမှာတော့ အခြေခံစားသောက်ကုန်တွေနဲ့ ကုန်ပစ္စည်းအများစု ဈေးနှုန်းပြန်မကျဘဲ အမြင့်ဈေးမှာပဲ ဆက်ရှိနေတဲ့အတွက် အိမ်ရှင်မတွေ အခက်ကြုံနေရပါတယ်။

အိမ်ရှင်မ တစ်ဦးကတော့ ဒေါ်လာနဲ့ဘတ်ငွေဈေးတွေ ပြန်ကျလာပေမယ့် ကုန်ဈေးနှုန်း မကျတာကြောင့် ပိုပြီး အခက်အခဲ ဖြစ်လာရသလို ကုန်သည်တွေအနေနဲ့ ပြည်သူတွေအပေါ် ကိုယ်ချင်းစာစိတ် မရှိကြဘူးလို့ ဝေဖန်ပါတယ်။

“ဒေါ်လာတွေ ကျလည်း ဘတ်ဈေးတွေ ကျလည်း ကုန်ဈေးနှုန်းကတော့ မကျဘူး။ ကုန်ဈေးနှုန်း မကျတဲ့အပြင် ပိုပြီးတော့တောင် အခက်အခဲ ဖြစ်လာတယ်။ ဈေးကျရင် လိုက်ချပေးရမှာ သူတို့ အလုပ် ဖြစ်တယ်လေ။ အခုဆိုရင် ဈေးကျရဲ့ သားနဲ့ကို အချင်းချင်း ဈေးသည်တွေကလည်း ကုန်သည် အချင်းချင်းကလည်း ကိုယ်ချင်းမစာ ကြဘူးပေါ့နော်” လို့ သူက ပြောပါတယ်။

ကုန်ဈေးနှုန်း ကျဆင်းခြင်း မရှိတဲ့ အတွက် အရင်ကထက် ပိုမို ခြိုးခြံ ချွေတာ စားသောက်ပေမယ့် လောက်ငှမှု မရှိတော့သလို ပုံမှန် စားသောက်ဖို့ အတွက်တောင် မဖြစ်နိုင်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ အိမ်ရှင်မတွေက ပြောကြပါတယ်။

အိမ်ထောင်ဦးစီး တစ်ဦးကလည်း နိုင်ငံခြားငွေကြေးတွေ ဈေးကျရင် ကုန်ပစ္စည်းဈေးနှုန်းတွေ ကျဆင်းရမှာ ဖြစ်ပေမယ့် နားမလည်နိုင် ဖြစ်ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကုန်ဈေးနှုန်းကတော့ ကျွန်တော်ထင်တယ် ကျရင်တော့ သူက ပြန်ကျပေးရမှာလေ။ ဘာဖြစ်လို့ မကျလဲဆိုတာတော့ ကျွန်တော်လည်း နားမလည်ဘူးဗျာ။ တကယ် ကော်ဖီမစ်တောင်မှ ၃ ဆ လောက်တက်သွားတယ်။ အသေးအမွှားဆို ကန်စွန်းရွက်က အစလေ။ အကုန်လုံးက ဝယ်ရတာတော့ ဈေးတက်နေတာကြီးပဲ၊ အခု ကျွန်တော်တို့က လောလောဆယ်တော့ ကိုယ်နိုင်သလောက်လေးပဲပေါ့နော်။ အရင်လိုတော့ မသုံးနိုင်တော့ဘူးပေါ့နော်။ ခြိုးခြံရတာပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေါ်လာနဲ့ဘတ်ငွေ ဈေးနှုန်းတွေ ပြန်လည် ကျဆင်းလာပေမယ့် ကုန်ဈေးနှုန်းတွေ ကျဆင်းခြင်း မရှိတာကြောင့် ဝင်ငွေ ထွက်ငွေ မျှတမှု မရှိတဲ့ ပြသနာကို အခြေခံလူတန်းစား ပြည်သူတွေ အဆိုးဆုံး ခံစားနေရပါတယ်။

ကုန်သည်တွေကတော့ ကုန်ဈေးနှုန်းတွေ အမြင့်ဈေးမှာပဲ ဆက်ရှိနေတာဟာ နိုင်ငံခြားငွေဈေးတက်စဉ်က ဝယ်ယူထားတဲ့အတွက်ကြောင့် ဈေးနှုန်းကြီးမြင့်တာလို့ အကြောင်းပြကြပါတယ်။

နိုင်ငံခြားငွေဈေးတွေ ကျဆင်းလာပြီး ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပေမယ့် စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံ ကုန်သည်အသင်းတွေက လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.