ကျောက်မဲ၊ ဩဂုတ် ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက် ည ၁၁ နာရီခွဲအချိန်ခန့်မှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဖြတ်အားပြင်း လက်နက်ဖြစ်တဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၉ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၅၄ နှစ်အရွယ် မိုင်းအညော် ဆိုသူ ပွဲချင်းသေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ကိုငယ်လေးနဲ့ အသက် ၅၀ နှစ်အရွယ် ကိုနောင် တို့နှစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အမှတ် ၉ ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းနဲ့ ဒေသခံ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့ကလည်း သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်မှ Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်နဲ့ နမ့်ဆန်မြို့ရှိ အရပ်သားပြည်သူတွေကို ဦးတည်ကာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးတာအပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေလည်း ပျက်စီးမှုတွေ ရှိနေတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ နှစ်လကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၈၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.