ကျုံဒိုး၊ သြဂုတ် ၃၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ဒေသအတွင်း စစ်ကောင်စီဘက်က တပ်အင်အားတွေ တိုးမြှင့်လာတဲ့အတွက် နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျုံဒိုးမြို့ ဒေသအတွင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က တပ်အင်အား တိုးမြှင့်လာတာ၊ ကျုံဒိုး – ကော့ကရိတ်မြို့ အာရှလမ်းပိုင်းနဲ့ ကျုံဒိုး – နဘူးလမ်းပိုင်းမှာလည်း လုံခြုံရေး တိုးမြှင့်ပြီး ဒေသခံပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ဒါ့အပြင် ကျုံဒိုးမြို့ နဘူးဒေသအတွင်းရှိ နဘူး – တံတားကျိုး (ကော့ကရိတ်) လမ်းမ မြပတိုင်ကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားသွားလာမှုတွေ ရှိနေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့နဲ့ ဩဂုတ် ၂၈ ရက်နေ့ ညနေပိုင်းက ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

မြပတိုင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ရင်ကွဲတောင်စခန်းရှိပြီး အဲဒီ ရင်ကွဲတောင်စခန်းကနေ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြပတိုင်ကျေးရွာထဲမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားသွားလာမှုတွေ ရှိနေခဲ့တဲ့အတွက် KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး အရင်ကတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ် အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ မြဝတီ သင်္ကန်းညီနောင်ဒေသကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် အောင်ဇေယျလို့အမည်ရတဲ့ စစ်ဆင်ရေးကို ဖော်ဆောင်နေခဲ့ပေမယ့် အောင်မြင်မှု မရဘဲ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.