သံဖြူဇရပ်၊ ဩဂုတ် ၂၉

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးကျေးရွာနဲ့ ဝဲတော်သင်္ချိုင်းအကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က သံဖြူဇရပ်မြို့နယ် ဝဲကလိတပ်ရင်းကနေ အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သတင်းအရ သွားရောက်စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ တောင်ညိုစစ်ကြောင်းတာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အဲဒီစစ်ကြောင်းဟာ အတွင်းစခန်းကြီး၊ ဝယ်သော်နဲ့ရဲတံခွန်ကျေးရွာတွေအနီးမှာ ဆက်လက်လှုပ်ရှားနေပေမယ့် သြဂုတ် ၂၈ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားတာ မရှိသေးဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရေး-သံဖြူဇရပ်လမ်းပိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လှုပ်ရှားမှုတွေကြောင့် ဒေသခံတွေဟာ ဥယျာဉ်ခြံတွေထဲ မသွားရဲမလာရဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကလည်း ရဲတံခွန်ရွာသစ် တောင်ပေါက်ဘုန်းကြီးကျောင်းအနီး စခန်းချထားတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇူလိုင်နောက်ဆုံးအပတ်ကစပြီး ရေး – သံဖြူဇရပ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ရေးအတွက် စစ်ကြောင်းထိုးတာနဲ့ တပ်စွဲနေထိုင်တာတွေ လုပ်ဆောင်နေတာကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – တောင်ညိုစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.