ရေး၊ ဩဂုတ် ၂၈

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီရဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သားတစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်လာတယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။

အလင်းဝင်လာတဲ့ အသက် ၂၀ ကျော်အရွယ် ကိုဇိုးဟာ ပြီးခဲ့တဲ့ ဧပြီလက စစ်ကောင်စီတပ်နဲ့ လက်ဝေခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေနဲ့ အတင်းအကြပ် တပ်သားသစ် စုဆောင်းခံရပြီး ပလောက်မြို့အခြေစိုက် တကက-၁၂ မှာ သုံးလအကြာ စစ်သင်တန်း တက်ရောက်ခဲ့ရပါတယ်။

အခြေခံစစ်သင်တန်း သင်ကြားပြီးနောက် ရေးမြို့အခြေစိုက် ခမရ ၅၈၇ တပ်ရင်းကို ပို့ဆောင်ခဲ့ပြီး နှစ်လအကြာ ဩဂုတ် ၂၆ ရက်နေ့မှာ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနဲ့ ချိတ်ဆက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်မှ ရုန်းထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုဇိုးဟာ အလင်းဝင်လာချိန်မှာ လက်နက်ခဲယမ်း မပါခဲ့ပေမယ့် ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး လိုအပ်တဲ့ အကူအညီတွေလည်း ဆောင်ရွက်ပေးထားတယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါအပြင် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်မှုထမ်းသင်တန်းဆင် တပ်သားသစ်တွေအနေနဲ့ စစ်ကောင်စီလက်အောက်က ရုန်းထွက်ကြဖို့နဲ့ စစ်မြေပြင်မှာ ဆန့်ကျင်ဘက်အနေနဲ့ ရင်ဆိုင်ရပါက ဝမ်းနည်းစရာ အဖြစ်အပျက်မျိုး မဖြစ်ချင်ဘူးလို့ သူက ဆက်ပြောပါတယ်။

အဲဒီနေ့မှာလည်း ခမောင်းတောကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန် စစ်ကောင်စီရဲ့ ရဲတပ်သား တစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ကလည်း ပုလောမြို့နယ် ၅ မိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့သလို တပ်ကြပ်နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.