စင်ကာပူ ဩဂုတ် ၂၈

အသစ်ထွက်ရှိလာတဲ့ အစီရင်ခံစာတစ်ခုအရ မြန်မာစစ်တပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ အနောက်ဘက်အကျဆုံး ရခိုင်ပြည်နယ်ကနေ နှင်ထုတ်ခံရတော့မယ့် အနေအထားကို ရောက်ရှိနေပြီလို့ ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတဝန်းက အရပ်သားတွေရဲ့အကျပ်အတည်းတွေ ပြန်ဖြစ်လာခဲ့ပြီးချိန်ကတည်းကဆိုရင် စစ်ရေးအရ အကြီးမားဆုံး ဆုံးရှုံးမှုလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

အာရက္ခပ်တော် AA ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စတင်ကာ ရခိုင်ပြည်နယ် တလွှား လျင်လျင်မြန်မြန် နေရာချဲ့ထွင်လာခဲ့ပြီးတော့ အာဏာသိမ်းပြီးချိန်ကတည်းကဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုကနေ ထိန်းချုပ်ထားတဲ့ တစ်ခုတည်းသော အကြီးမားဆုံး ဒေသကို ဖန်တီးဖို့ ပြင်ဆင်နေခဲ့တဲ့အကြောင်း ဩဂုတ် ၂၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ ပဋိပက္ခ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တရုတ်နယ်စပ်ဒေသမှာ ဖွဲ့စည်းထူထောင်ခဲ့တဲ့ အဲဒီလက်နက်ကိုင် အဖွဲ့ဟာ လွန်ခဲ့တဲ့ တစ်နှစ်တာနီးပါး ကာလအတွင်းမှာ မြန်မာစစ်တပ်ရဲ့ ထင်သာမြင်သာအရှိဆုံး နယ်မြေဆုံးရှုံးမှုထဲက တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုတွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင် တဖြစ်လဲ ယာယီသမ္မတတာဝန်ရယူထားတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်ချုပ်မှုကို ဖြုတ်ချဖို့အတွက် တခြားတိုင်းရင်းသားအဖွဲ့တွေနဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေကြသူတွေကို စုစည်းမိသွားစေခဲ့ပါတယ်။

“အာရက္ခတပ်တော်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်က လူတစ်သန်းလောက်ရှိတဲ့နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုအနေနဲ့ ပုံဖော်နေတယ်။ မြန်မာစစ်တပ်ဟာ ခွဲခြားဆက်ဆံမှုမရှိတဲ့ တိုက်ခိုက်မှုတွေ၊ ကြီးမားတဲ့ စီးပွားရေးပျက်ယွင်းမှုကို ဖြစ်စေတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပေမယ့် အဲဒီလက်နက်ကိုင် တပ်ကတော့ ရှေ့ဆက်လုပ်ဆောင်နေတယ်” လို့ နိုင်ငံတကာ ပဋိပက္ခအဖွဲ့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တခြားအစီရင်ခံစာတွေမှာဆိုရင်တော့ စစ်တပ်ဟာ နိုင်ငံရဲ့ မြို့နယ်အများစုကို ထိန်းချုပ်မှု ဆုံးရှုံးထားတဲ့အပြင် ပြီးခဲ့တဲ့ လကဆိုရင် လုံခြုံရေးဆိုးရွားနေဆဲဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်ကာလကို သက်တမ်းထပ်တိုးထားပါတယ်။ အဲဒီလို ပြဿနာတွေပေါင်းစုပြီးတော့ နိုင်ငံ့လူဦးရေရဲ့ ၇၆ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု မျဉ်းရဲ့ အောက်ရောက်သွားတာ သို့မဟုတ် နီးကပ်လာခဲ့မှုနဲ့အတူ စီးပွားရေးပုံရိပ်က တဖြည်းဖြည်း ဆိုးရွားခဲ့တယ်လို့ ကုလဖွံ့ဖြိုးရေးအစီအစဉ် UNDP က ပြီးခဲ့တဲ့ဧပြီလမှာ ပြောဆိုထားပါတယ်။

အာရက္ခတပ်တော်ဟာ လက်ရှိမှာတော့ ရခိုင်ကမ်းရိုးတန်း တလျှောက်မှာ အဓိကကျတဲ့ အောင်မြင်မှုတွေကို ရရှိထားပြီး အခုတော့ ပြည်နယ်မြို့တော် စစ်တွေကို တိုက်ခိုက်ဖို့ လုပ်ဆောင်နေပါပြီ။ အဓိက ပစ်မှတ်ကတော့ တရုတ်ရဲ့ အခြေခံအဆောက်အဦစီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ် ဖြစ်ပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာလည်း မွတ်စလင်လူနယ်းစုအဖွဲ့တွေကို တိုက်ခိုက်တဲ့အကြမ်းဖက်မှုတွေလည်း ဆက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။ ကုလ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ ဗော်ကာတာ့ခ်က အရပ်သားတွေ ထွက်ပြေးနေစဉ်မှာ တိုက်ခိုက်ခံရလို့ ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေ ဆိုးရွားလာမှုနဲ့ပတ်သက်ပြီးတော့ အရေးပေါ်သတိပေးချက် ထုတ်ဖော် ပြောဆိုထားပါတယ်။

ကုလ လူ့အခွင့်အရေး ရုံးကနေ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ မြန်မာစစ်တပ်ကရော အာရက္ခတပ်တော်ကပါ ရိုဟင်ဂျာတွေကို ခေါင်းဖြတ်သတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ အဓမ္မစစ်သားစုဆောင်းခြင်းနဲ့ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေအပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဖိနှိပ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

မြန်မာစစ်တပ် မရှိတော့တဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မှာရှိတဲ့ စီးပွားရေး အရင်းအမြစ်တွေကို လွှမ်းမိုးထိန်းချုပ်ထားနိုင်ပေမယ့် စိန်ခေါ်မှုတစ်ခုအနေနဲ့ ရှိနေဆဲဖြစ်တယ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပဋိပက္ခအဖွဲ့ရဲ့ အကြီးတန်းအကြံပေးလုပ်နေတဲ့ သောမတ်စ် ကင်န်က ပြောပါတယ်။ တခြားအိမ်နီးချင်းနိုင်ငံတွေရဲ့ သိသာထင်ရှားတဲ့ အခြေခံ အအောက်အဦစီမံကိန်းတွေတော့ ရခိုင်ပြည်နယ်မှာမရှိပေမယ့် တရုတ်ကတော့ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းတစ်ခု၊ အထူးစီးပွားရေးဇုန်တစ်ခုနဲ့ မြန်နှုန်းမြင့်ရထားလမ်းတစ်ခု ဖောက်လုပ် တည်ဆောက်ဖို့ စီစဉ်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.