မော်လမြိုင်၊ ဩဂုတ် ၂၉

မွန်ပြည်နယ်က ထွက်ရှိနေတဲ့ မတ်ပဲနဲ့ ပဲပုပ်တွေဟာ ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်လာတာကြောင့် ဆက်တိုက်ဆိုသလို ဈေးနှုန်းမြင့်တက်လာတယ်လို့ ပဲကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပဲဈေးကွက်အတွင်း မတ်ပဲတွေကို အိန္ဒိယနိုင်ငံက မှာယူတင်သွင်းမှု များနေသလို ပဲပုပ်တွေကိုတော့ ဒေသတွင်း မွေးမြူရေးအစာ ထုတ်လုပ်တဲ့စက်ရုံတွေက ဝယ်ယူမှုများနေတာကြောင့် ဈေးနှုန်း မြင့်တက်လာတာပါ။

မတ်ပဲဈေးနှုန်းဟာ သြဂုတ်လအတွင်း ပိဿာ ၂၀ တစ်တင်းကို ကျပ် တစ်သိန်းကျော်ကနေ ကျပ်တစ်သိန်းသုံးသောင်းနီးပါးအထိ ဈေးနှုန်းမြင့်တက်လာသလို ပဲပုပ်ကလည်း တစ်တင်းကို ကျပ် တစ်သိန်းတစ်သောင်းမှ ကျပ် တစ်သိန်းလေးသောင်းကျော်အထိ ဈေးနှုန်းခုန်တက်လာပါတယ်။

ပဲကုန်သည် တစ်ဦးကတော့ ပဲပုပ်ဈေးနှုန်း အမြင့်ဆုံး ရောက်ရှိလာမှုဟာ မွေးမြူရေးအစာအဖြစ် နိုင်ငံခြားက တင်သွင်းနေရတဲ့ ပဲပုပ်ဖက်တွေအစား ပြည်တွင်းပဲပုပ်တွေကို ဝယ်ယူအသုံးပြုလုပ်လာမှုကြောင့်လို့ ပြောပါတယ်။
“ပဲပုပ်က တို့ပဲပုပ် ရောင်းတဲ့သက်တမ်းမှာဆိုရင် ဒါအမြင့်ဆုံး ဈေးဆိုပြီး ပြောလို့ရတယ်။ ပဲပုပ်က အရင်တုန်းက တစ်ပိဿာ ၃၀၀၀ အခု ၇၀၀၀ ကျော် ဖြစ်သွားပြီ။ ဖြစ်ရတဲ့ အကြောင်းအရင်းက တို့နိုင်ငံက အရင်တုန်းက ကြက်စာမှာ သုံးတဲ့ ပဲပုပ်ဖက်တောင် နိုင်ငံခြားက လာတယ်။ အခါတိုင်း နိုင်ငံခြားက လာတဲ့ ပဲပုပ်ဖက်က နိုင်ငံခြားက ဟာက ဈေးမြင့်လို့ မသုံးဘဲ ကိုယ့်ပြည်တွင်းက ပဲပုပ်ဖက်ကိုရော ပဲပုပ်ကိုရော ကြိတ်ပြီး သုံးတဲ့အတွက်ကြောင့် ပဲပုပ်ဈေးက တို့ဒီမှာဆိုရင် အမြင့်ဆုံး ဈေးလို့ ပြောရမှာပေါ့” လို့ ပြောပါတယ်။

ပဲပုတ်ဝယ်လိုအား မြင့်တက်လာမှုနဲ့အတူ မတ်ပဲကလည်း အိန္ဒိယနိုင်ငံမှာ မုန်တိုင်းတွေ ဝင်ပြီး စိုက်ခင်းတွေ ပျက်စီးခဲ့တဲ့အတွက် အဝယ်လိုက်လာပေမယ့် မတ်ပဲလက်ကျန် နည်းပါးလာတာကြောင့် အများကြီး မတင်ပို့နိုင်ဘူးလို့ ပဲကုန်သည်တွေက ပြောကြပါတယ်။

မတ်ပဲနဲ့ပဲပုပ်တွေ ဈေးနှုန်းမြင့်တက်လာပေမယ့် တခြားပဲမျိုးစုံကတော့ ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ် အေးနေတယ်လို့ ပဲကုန်သည်တွေထံက သိရပါတယ်။

မွန်ပြည်နယ်ဟာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်နဲ့ ပဲတီစိမ်း ရွှေဝါတို့ကို အဓိက စိုက်ပျိုးတာ ဖြစ်ပြီး စိုက်ပျိုးဧကအနေနဲ့ ဧကပေါင်း တစ်သိန်းခုနှစ်သောင်းကျော် ရှိကာ နှစ်စဉ် ပဲမျိုးစုံ တန်ချိန် နှစ်သောင်းဝန်းကျင် ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။

ထွက်ရှိလာတဲ့ ပဲမျိုးစုံကိုတော့ အိန္ဒိယနိုင်ငံကို အဓိက တင်ပို့ရောင်းချလျက်ရှိပြီး ကျန်တဲ့ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ နီပေါနဲ့ ပါကစ္စတန် နိုင်ငံတွေကိုလည်း မှာယူတင်သွင်းတဲ့ ပဲအမျိုးအစားပေါ် မူတည်ကာ တင်ပို့နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.