ပုလော၊ ဩဂုတ် ၂၉

တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာ စခန်းနဲ့ ရှပ်ပုံကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။

မီးလောင်ချောင်းကျေးရွာ တပ်စခန်းနဲ့ ရှပ်ပုံကျေးရွာမှာ အင်အား ၆၀ ဝန်းကျင်နဲ့ လာရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဩဂုတ် ၂၇ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေက ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ချောင်းကျေးရွာ တပ်စခန်းမှာ စစ်ကောင်စီတပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း မီးလောင်ချောင်းကျေးရွာတပ်စခန်းနဲ့ ရှပ်ပုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်မှ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

တစ်ဘက်မှာလည်း စစ်ကောင်စီတပ်ဟာ အင်အားအများအပြားနဲ့ ရှပ်ပုံကျေးရွာကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲ နေထိုင်တာတွေ ရှိတယ်လို့ တော်လှန်ရေး အင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာလည်း အင်အားအများအပြားနဲ့ ရှပ်ပုံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်နေ့နဲ့ ၂၆ ရက်နေ့ကလည်း ပုလောမြို့နယ် မကျည်းကုန်းကျေးရွာအနီးရှိ အောင်သာယာတောင်ပေါ်ရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Myeik PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.