ဝါရှင်တန်၊ သြဂုတ် ၂၈

သမ္မတဟောင်းတွေမှာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခံရတဲ့ အခြေအနေကနေ ကင်းလွတ်ခွင့်ရှိကြောင်း အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် ဖက်ဒရယ် အစိုးရရှေ့နေတွေက ဒေါ်နယ်ထရန့်အနေနဲ့ သူ ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို တရားမဝင် ပြောင်းလဲဖို့ ကြိုးပမ်းမှုနဲ့ ပြန်လည် စွဲချက်တင်ရေး ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။

အမေရိကန် အထူးကောင်စီ ဂျက်စမစ်နဲ့ အဖွဲ့က သမ္မတဟောင်း ထရန့်ကို စွဲချက်ပြန်တင်နိုင်ရေး ကြိုးပမ်းနေပေမယ့် ရုံးတင် စစ်ဆေးမှုက လာမယ့် နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်လာဖွယ် မရှိပါဘူး။

FILE PHOTO: Pro-Trump protesters scale a wall as they storm the U.S. Capitol Building, during clashes with Capitol police at a rally to contest the certification of the 2020 U.S. presidential election results by the U.S. Congress, in Washington, U.S, January 6, 2021. REUTERS/Shannon Stapleton/File Photo

ပြန်လည် စွဲချက်တင်ဖို့ ကြိုးပမ်မှုမှာ အရင်ကလိုပဲ စွဲချက် လေးခု ပါဝင်ပေမယ့် ဒီတစ်ကြိမ်မှာတော့ သမ္မတဖြစ်ခဲ့တဲ့ အချိန်တွေက လုပ်ရပ်တွေအတွက် မဟုတ်ဘဲ ပြန်လည် ရွေးကောက်ခံဖို့ ကြိုးပမ်းနေတဲ့ ထရန့်ကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်ဟာ သမ္မတ ဖြစ်ခဲ့ချိန်က သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ ရရှိမှုအတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခံရမှုကနေ ကင်းလွတ်ခွင့် ရှိနေတယ်လို့ အမေရိကန် တရားရုံးချုပ်က ဇူလိုင် ၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလို စွဲချက်ပြန်တင်ဖို့ ကြိုးပမ်းတာနဲ့ ပတ်သက်လို့ သမ္မတဟောင်း ထရန့်ရဲ့ ရှေ့နေတွေက မှတ်ချက် မပေးသေးပါဘူး။

တရားရုံးချုပ်က ပြစ်ဒဏ် ကင်းလွတ်ခွင့်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် မိမိအပေါ် စွဲဆိုထားတဲ့ အမှု အားလုံးကို ရုတ်သိမ်း ပစ်သင့်တယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ကနဦး စွဲချက်တွေအတွက် ထရန့်က သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပြီး သူရင်ဆိုင်နေရတဲ့ အခြားအမှုတွေဟာလည်း သူ့ကို အာဏာ ပြန်မရစေရေး နိုင်ငံရေးအရ စေ့ဆော်မှုတွေ ပါဝင်နေတဲ့ အမှုတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သဘောထား စစ်တမ်းတွေအရ လောလောဆယ်မှာ ဒီမိုကရက် ကိုယ်စားလှယ်လောင်း ကာမယ်လာ ဟားရစ်က ထရန့်ကို ရာခိုင်နှုန်း အနည်းငယ် အသာနဲ့ ဦးဆောင်နေကြောင်း သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ထရန့်ဟာ လက်ရှိ သမ္မတ ဂျိုး ဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ပေမယ့် အရှုံးကို ဝန်မခံဘဲ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း လွှတ်တော်ရဲ့ ထုတ်ပြန်ချက်ကို တားဆီးရေး ထရန့် ထောက်ခံသူ လူရမ်းကားတွေက ဇန်နဝါရီ ၆ ရက်မှာ လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။
အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်လို့လည်း ထရန့်ဟာ သီးခြား စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

သမ္မတဟောင်းတွေမှာ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရှိတယ်လို့ ၆ မဲ၊ ၃မဲနဲ့ ဆုံးဖြတ်ခဲ့တဲ့ တရားရုံးချုပ် တရားသူကြီး အဖွဲ့မှာ ထရန့် ခန့်ထားခဲ့သူ ၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.