မော်စကို၊ သြဂုတ် ၂၈

ဒုံးကျည်တွေနဲ့ သူတို့နိုင်ငံထဲသို့ ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခွင့်ပြုတဲ့ အနောက်တိုင်းရဲ့ လုပ်ရပ်ဟာ မီးနဲ့ ကစားနေတာ ဖြစ်တယ်လို့ ရုရှားက ပြောကြားလိုက်ပြီး တတိယကမ္ဘာစစ် ဖြစ်လာရင် ဥရောပ တိုက်တစ်တိုက်တည်းမှာပဲ စစ်ပွဲတွေ ဖြစ်မှာမဟုတ်ဘူးလို့ အမေရိကန်ကို သတိပေးလိုက်ပါတယ်။

ရုရှား အနောက်ပိုင်း ကာ့စ်ဒေသကို ယူကရိန်းက သြဂုတ် ၆ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒါဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ရုရှားကို နိုင်ငံခြား တစ်နိုင်ငံက အကြီးမားဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွက် ရုရှားက လက်တုံ့ပြန်သွားမယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ကြွေးကြော်ထားပါတယ်။

သမ္မတ ပူတင်ရဲ့ လက်အောက်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်လာခဲ့တာ နှစ် ၂၀ ကျော်ပြီ ဖြစ်တဲ့ ဆာဂျီ လက်ဗရော့က အနောက်တိုင်းဟာ ယူကရိန်း စစ်ပွဲကို အရှိန်မြင့်တက်အောင် လုပ်ဆောင်နေတယ်လို့ သြဂုတ် ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

Russian Foreign Minister Sergei Lavrov attends a press conference with Yemeni Foreign Minister Shaya Al-Zindani after their meeting in Moscow, Russia August 27, 2024. REUTERS/Evgenia Novozhenina/Pool

အနောက်တိုင်းက သူတို့ ထောက်ပံ့ထားတဲ့ လက်နက်တွေနဲ့ ရုရှား နယ်နိမိတ်ထဲမှာ တိုက်ခိုက်မှုတွေ မလုပ်ဖို့ စောစောပိုင်းမှာ ယူကရိန်းကို တားမြစ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီတားမြစ်ချက်ကို ဖြေလျှော့ပေးခဲ့ပါတယ်။

ကာ့စ်ဒေသမှာ ယူကရိန်းတပ်တွေ နယ်မြေ အနည်းငယ် သိမ်းပိုက်ထားနိုင်ပြီး ဒါဟာ စိတ်ဓာတ် အားကောင်းလာစေဖို့ အတွက် လုပ်ဆောင်တဲ့ စစ်ဆင်ရေး ဖြစ်တယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း သမ္မတ ပူတင်က နျူကလီးယား အင်အားကြီးနိုင်ငံတွေ ပါဝင်တဲ့ ကြီးမားတဲ့ စစ်ပွဲကြီးတစ်ပွဲ ဖြစ်လာနိုင်ကြောင်း အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားအနေနဲ့ အမေရိကန် ဦးဆောင်တဲ့ နေတိုးအဖွဲ့နဲ့ စစ်မဖြစ်လိုဘူးလို့ ပူတင်က ပြောဆိုထားပြန်ပါတယ်။

အနောက်တိုင်းရဲ့ လုပ်ရပ်တွေဟာ ကလေးတွေ မီးခြစ်နဲ့ ကစားနေသလို ဖြစ်နေကြောင်းနဲ့ အရမ်း အန္တရာယ်များတဲ့ လုပ်ရပ် ဖြစ်ကြောင်း ဝန်ကြီး ဆာဂျီ လက်ဗရော့က ပြောကြားပါတယ်။

FILE PHOTO: A Yars intercontinental ballistic nuclear missile is fired during training from Plesetsk cosmodrome in Northern Arkhangelsk region, Russia. Russian Defence Ministry/Handout via REUTERS

ကာ့စ်ဒေသမှာ ယူကရိန်း တပ်ဖွဲ့ဝင်တွေဟာ ဗြိတိန်နိုင်ငံက ပေးထားတဲ့ သံချပ်ကာကားတွေ၊ အမေရိကန် ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေကြတယ်လို့ ရုရှားက အတည်ပြုထားပါတယ်။

ယူကရိန်းက ကာ့စ်ဒေသကို ဝင်ရောက် မတိုက်ခင် ကြိုတင်ပြီး မိမိတို့ကို အသိပေးခဲ့တာ မရှိဘူးလို့ ဝါရှင်တန်က ပြောပါတယ်။
အမေရိကန်အနေနဲ့ အဲဒီ စစ်ဆင်ရေးမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ အာရ်ယက်လေကာ့က အမေရိကန် ပါဝင်နေတာ သိသာတယ်လို့ ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.