စစ်ကိုင်း ၊ ဩဂုတ် ၂၉
၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်အထိ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၄၉၉ ဦး သေဆုံးခဲ့ရပြီး ၄၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
သေဆုံးမှုရဲ့ ၉၅ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ၊လက်နက်ကြီး၊ဒရုန်း၊မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၃၁ ရာခိုင်နှုန်းပါဝင်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ၄၂၈ ဦး၊ တော်လှန်ရေးအဖွဲ့အစည်းတွေကြောင့် ၂၀ ဦး၊ ပျူစောထီးအဖွဲ့တွေကြောင့် ၉ ဦးနဲ့ ကူကီးတပ်ဖွဲ့ကြောင့် ၄ ဦး သေဆုံးခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေစဉ် ထိမှန်သေဆုံးတာ၊အရပ်သားအချင်းချင်း/ရာဇဝတ်ဂိုဏ်းတွေနဲ့ အခြားကျူးလွန်သူတွေကို အတည်မပြုနိုင်တဲ့ဖြစ်စဉ်တွေကြောင့် သေဆုံးသူ ၃၈ ဦး ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းထဲက ကလေးခရိုင်၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်နဲ့ စစ်ကိုင်းခရိုင်တွေက အခြားသော ခရိုင်တွေထက် အရပ်သားသေဆုံးမှု သိသိသာသာများပြီး စုစုပေါင်း ၃၄၉ ဦး ရှိနေတာလို့ Data for Myanmar က ဖော်ပြပါတယ်။

အစီရင်ခံစာပါ လေ့လာဆန်းစစ်ချက်အရ စစ်ကိုင်းတိုင်းအတွင်း လအလိုက် အရပ်သားထိခိုက်သေဆုံးမှုကိုကြည့်ရင် အကြမ်းဖက်မှုတွေကြောင့် အရပ်သားသေဆုံးသူ လစဉ် ပျမ်းမျှ ၇၁ ဦးနဲ့ ဒဏ်ရာရသူ ပျမ်းမျှ ၆၆ ဦး ရှိနေတာပါ။
ဒါကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ စစ်ရေးကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာသင့်တယ်လို့ Data for Myanmar က အကြုံပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး