မုန်း၊ သြဂုတ် ၂၇

ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်းတစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင်တစ်ပါးအပါအဝင် ကျောင်းသူ၊ကျောင်းသား ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သြဂုတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က KNU မုန်းမြို့နယ် လိပ်ပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အမှတ် ၄၃၉ ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ အိမ်ပင်သာကျေးရွာ ကျေးရွာ ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးဇင်း ဦးဥက္ကာသဟာ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြို့ပေါ်သို့ ဆေးကုသခံယူစဉ် ပျံလွန်တော်ခဲ့ရကာ ကိုရင် ရှင်ပုညနဲ့ ရွာခံ ဦးမောင်ကိုတို့ ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

သြဂုတ် ၂၁ ရက်နေ့ကလည်း အမှတ် ၅၉၉ ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ ကျွန်းတောကျေးရွာ စာသင်ကျာင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကျောင်းသူ၊ကျောင်းသား ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

KNU အုပ်ချုပ်နယ်မြေမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြည်သူလူထု တစ်သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.