ဘန်ကောက်၊ သြဂုတ် ၂၇

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးမှာ ယာယီ နိုင်ငံခြားရေးဝန်ကြီး မာရစ် ကတိပေးခဲ့တဲ့အတိုင်း ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် ဘတ် ၉ သန်း တန်ဖိုးရှိတဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီကို သြဂုတ် ၂၆ ရက်မှာ ထပ်မံလှူဒါန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အက်ဆီရီ ပင်တာရူချီက မြန်မာပြည်သူတွေကို ကူညီဖို့ အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကူအညီပေးရေး စင်တာ AHA Centre သို့ အဲဒီငွေကြေး အကူအညီကို အစိုးရကိုယ်စား ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကနေ ၂၇ ရက်အထိ ဗီယင်ကျန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာ ဝန်ကြီး မာရစ်က အခုလိုမျိုး အကူအညီ ထပ်ပေးမယ်လို့ ကတိပြုခဲ့တာ ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် အက်ဆီရီက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီအဖြစ် ထိုင်းက အမေရိကန်ဒေါ်လာ ၄၅၀၀၀ (ဘတ် ၁၅ ဒဿမ ၇၅ သန်း) ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် အက်ဆီရီက ပြောပါတယ်။

အဲဒီထောက်ပံ့ငွေတွေကို ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေဆီ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ လက်လှမ်းမီဖို့ ခက်ခဲတဲ့ ဒေသတွေမှာ နေထိုင်သူတွေဆီ အကူအညီ ပေးပို့နိုင်ရေး AHA စင်တာရဲ့ ကြိုးပမ်းမှုတွေအတွက် အခု အကူအညီက အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ထိုင်းဘက်က ပြောပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နောက်ထပ် အကူအညီတွေပေးဖို့ ထိုင်းက ဆုံးဖြတ်ထားပြီး ဒီရည်မှန်းချက် အောင်မြင်စေဖို့ လက်တွဲဖော်တွေ အများကြီးနဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် အက်ဆီရီက ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ထိုင်းနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ စေ့စပ်ပါဝင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အတွက် မိမိတို့ စိတ်အားတက်ရကြောင်း AHA စင်တာ အမှုဆောင် ညွှန်ကြားရေးမှူး လီယန်မင်းက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အရှိန်ပြင်းထန်လာပြီးနောက်ပိုင်း အိမ်နီးချင်း ထိုင်းဟာ မြန်မာဒုက္ခသည် အများအပြားနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံထားရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.