မောင်တော၊ သြဂုတ် ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိထားပြီး ရန်သူအလောင်း ၁၀၀ ကျော်ကိုလည်း ကောင်းမွန်စွာ မြေမြှုပ်ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ မောင်တောမြို့သိမ်းတိုက်ပွဲအား ဆက်လက်ဆင်နွှဲလျက်ရှိပြီး မြို့အတွင်းမှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ သြဂုတ် ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်နဲ့ မူဆင်လင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးပြီး မြို့တွင်းနဲ့မြို့ပြင်မှာလည်း စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့တာပါ။

လက်ရှိမှာတော့ ရက္ခိုင့်တပ်တော် AA အနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး သူတို့လက်နက် တပ်ဆင်ပေးထားတဲ့ မူဆလင် လက်နက်ကိုင်အဖွဲ့တွေအပြင် ARSA၊ RSO၊ ARA တပ်ဖွဲ့ဝင်တွေရဲ့ ခံစစ်နေရာ အများစုကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားတယ်လို့ အသိပေးထားပါတယ်။

မောင်တောမြို့ဟာ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မကြာခင်မှာ အလုံးစုံ ထိန်းချုပ်နိုင်တော့မယ့် မြို့တစ်မြို့ ဖြစ်လာတော့မယ်လို့ AA က ဩဂုတ် ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားတာပါ။

မောင်တောမြို့ကို လက်လွှတ်ရဖို့ သေချာနေပြီး ဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ယုတ်မာတဲ့ အကျင့်အတိုင်း မြို့အတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတွေ ပြုလုပ်ပြီး တိုက်ပွဲတွေမှာ ရတဲ့နည်းလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ AA က ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ရခိုင်ဒေသမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ချင်းပြည်နယ် ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်က မြို့ ၉ မြို့ကို သိမ်းပိုက်ရရှိထားပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ဖို့ ရည်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.