ဘီးလင်း၊ ဩဂုတ် ၂၇
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ဘီးလင်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ အမှတ် ၈ ခြေလျင်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ဒေါက်ရပ်ကျေးရွာထဲ လက်နက်ကြီး လေးလုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေါက်ရပ်ကျေးရွာနေ အသက် ၉ နှစ်အရွယ် မောင်ဝင်းကိုကိုနဲ့ အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးတို့ ခြေထောက်တွေမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဒေသခံနေအိမ် နှစ်လုံး ပျက်စီးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဘီးလင်းဆေးရုံနဲ့ သထုံဆေးရုံထံ ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ဒေါက်ရပ်ကျေးရွာက ဒေသခံတွေဟာ အာဏာသိမ်းကာလအတွင်း မကြာခဏဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အဲဒီထဲ ဒေသခံပြည်သူတချို့ဟာ အပြီးပိုင်ပြောင်းရွှေ့သွားတာတွေလည်း ရှိနေပါတယ်။
ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သား ၂၁ ဦး သတ်ဖြတ်ခံလိုက်ရပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ