တိုင်ပေ၊ သြဂုတ် ၂၇

တရုတ်ရဲ့ တိုက်ခိုက်မှုကို တားဆီးရေး ကြိုးပမ်းမှု တစ်ရပ်အဖြစ် ထိုင်ဝမ်စစ်တပ်က လျင်မြန်စွာ လှုပ်ရှားနိုင်မှုနဲ့ ထိခိုက်မှု အများဆုံး ဖြစ်စေရေး ဗျူဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဩဂုတ် ၂၆ ရက်မှာ ကမ်းတက်ယာဉ် တိုက်ဖျက်ရေး ဒုံးကျည်တွေနဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်ဟာ မိမိတို့ နယ်မြေ ဖြစ်တယ်လို့ ဘေဂျင်းအစိုးရက ပြောကြားထားပြီး ပြန်လည် ထိန်းချုပ်ဖို့ လိုအပ်ရင် အင်အားသုံးမယ်လို့ ထုတ်ပြောထားပါတယ်။

ပင်တွန်းဒေသမှာ နှစ်ရက်ကြာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်း ထိုင်ဝမ်စစ်တပ်က M1167 Humvees ကားတွေပေါ်မှာ တပ်ဆင်ထားတဲ့ TOW 2A ဒုံးကျည်တွေကို ပစ်ခတ် လေ့ကျင့်ခဲ့တာပါ။

ထိုင်ဝမ် တောင်ဖက်စွန်းမှာရှိတဲ့ အဲဒီဒေသဟာ ထိုင်ဝမ် ရေလက်ကြားနဲ့ တရုတ်ကုန်းတွင်းပိုင်းတို့အပြင် ပစိဖိတ်သမုဒ္ဒရာကိုပါ မျက်နှာမူထားပါတယ်။

အဲဒီဒုံးကျည်တွေဟာ ကမ္ဘာမှာ အထိရောက်ဆုံး၊ လူကြိုက်အများဆုံး တင့်ကားဖျက် လက်နက်တွေထဲက တစ်မျိုး ဖြစ်ပြီး တရုတ်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်ဖို့ ထိုင်ဝမ်ရဲ့ အကောင်းဆုံး လက်နက်တွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။

တရုတ်က စစ်လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ဒုံးကျည်တွေ သုံးပြီး မကြာသေးခင်နှစ်တွေက စစ်အင်အား ပြသမှု အရှိန်မြှင့်တင်ခဲ့ပါတယ်။

ထိုင်ဝမ်ဟာ အမေရိကန်ဆီက TOW 2B ဒုံးကျည်စနစ် ၁၇၀၀ ဝယ်ယူထားပြီး နောက်ဆုံး လက်ကျန်ဒုံးကျည်တွေကို အခုနှစ် အကုန်မှာ အပြီးသတ် ပေးပို့မှာ ဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပေမယ့်လည်း ထိုင်ဝမ်က တောင်တွေဟာ သံတောင်တွေ ဖြစ်ပြီး မြို့ပြ ဒေသတွေနဲ့ အခြား မြေမျက်နှာသွင်ပြင်တွေကြောင့် တရုတ် စစ်တပ်အတွက် တိုက်ခိုက်ရ ခက်ခဲနိုင်ပါတယ်။

တရုတ်က ထိုင်ဝမ်ရဲ့ ကာကွယ်ရေး အင်အားကို လျော့ကျစေဖို့နဲ့ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ ထိုင်ဝမ်ကျွန်းဆီကို နေ့တိုင်းလိုလို စစ်လေယာဉ်တွေ စေလွှတ်နေပါတယ်။

အဲဒီလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်က ပြည်သူတွေရဲ့ စစ်မှုထမ်း ကာလကို တစ်နှစ်အထိ တိုးမြှင့်ထားပြီး အမေရိကန်ဆီက ခေတ်မီ လက်နက်တွေ တင်သွင်းထားပါတယ်။

ထိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ်မှာ ပြည်တွင်းစစ်အတွင်း တရုတ်ပြည်မကြီးနဲ့ ခွဲပြီး သီးသန့်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ် ဒေသခံ အများစုဟာ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ လွတ်လပ်တဲ့ အခြေအနေကို ပိုသဘောကျကြပြီး တရုတ်ရဲ့ အုပ်ချုပ်မှုကို မလိုလားသူတွေ ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.