နေပြည်‌တော်၊ ဩဂုတ် ၂၈

တိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်ကောင်စီဟာ နယ်မြေလုံခြုံရေးစနစ်တွေ တည်ဆောက်ဖို့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေကို လုံခြုံရေးကင်းစောင့်ခိုင်းမယ့်အစီအစဉ် စတင်လာပါတယ်။

ဩဂုတ် ၁၆ ရက်နေ့မှာ စစ်ကောင်စီဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကနေ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်စုအထိ အဖွဲ့ဝင်တွေ စု‌ဆောင်းနေတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ကြောင့် ပြည်သူတွေအနေနဲ့ ကြားညှပ်သွားသလို တစ်ဘက်လှည့်ပြီး စစ်မှုထမ်းခိုင်းတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ ကြားညှပ်သွားတယ်လို့ ကျွန်တော်မြင်တယ်ဗျ။ ကိုယ့်အိုးအိမ်ကို ခွာဖို့ကလည်း အဆင်မပြေတဲ့လူတွေ ရှိသလို တစ်ဘက်ကလည်း နောက်ကျောကနေပြီးတော့ တစ်ဖက်လှည့်ပြီး စစ်မှုထမ်းခိုင်းတာပေါ့ဗျာ။ စစ်ကောင်စီတွေက‌တော့ ပြည်သူတွေ ဘေးကျပ်နံကျပ် ဘယ်လောက်အထိ ဖြစ်ပါစေ သူတို့ရဲ့ စီးပွားရေးအတွက် အခုလို အတင်းအဓမ္မ ဖိအားပေးပြီး လက်နက်ကိုင်ခိုင်းပြီး တော်လှန်ရေးတွေနဲ့ ရန်တိုက်ပေးတယ်လို့ ကျွန်တော်မြင်တယ်ဗျ”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကို စစ်မျက်နှာများစွာ ဖွင့်ထားရပြီး တပ်စခန်းနယ်မြေတွေ ရာနဲ့ချီ ဆုံးရှုံးခဲ့ရသလို တပ်အင်အားပြုန်းတီးမှုတွေကိုလည်း အကြီးအကျယ်ရင်ဆိုင်နေရတာပါ။
ဒါကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး အကြောင်းမျိုးမျိုးနဲ့ ခေါ်ယူခဲ့တဲ့ သင်တန်းဆင်းတပ်သားသစ်တွေကို ရှေ့တန်းစစ်မြေပြင်တွေမှာ တိုက်ပွဲဝင်ခိုင်းတဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် တိုက်ပွဲအတွင်း ကျဆုံးတာ၊လက်နက်ချအလင်းဝင်တာနဲ့ ထွက်ပြေးတာတွေလည်း ရှိခဲ့တဲ့အတွက် အင်အားလိုအပ်ချက် မဖြည့်တင်းနိုင်တာကြောင့် အခုလို ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်လာတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဦးမောင်မောင်ဆွေက ကိုယ့်ရပ်ရွာမှာရှိတဲ့ လူထုနဲ့ချိတ်ဆက်ပြီး ပြည်သူ့လုံခြုံရေးစနစ်ကို စုပေါင်းတွန်းလှန်ကြဖို့ ညွှန်ကြားထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ အနေနဲ့လည်း တပ်ရင်းတပ်ဖွဲ့တွေ မြို့နယ်တိုင်းမှာ ဖွဲ့စည်းထားတဲ့ ပကဖအဖွဲ့တွေကို ကိုယ့်မြို့နယ် ကိုယ့်ဒေသမှာရှိတဲ့ ရပ်ရွာတွေမှာရှိတဲ့ ပြည်သူလူထုနဲ့ချိတ်ဆက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို စုပေါင်းတွန်းလှန်ကြဖို့ စုစည်းဆောင်ရွက်ကြဖို့ လမ်းညွှန်မှာကြားထားပြီး ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီတချီ ညီညီညွတ်ညွတ် ရုန်းနိုင်ပြီဆိုရင်တော့ အားလုံး စစ်ကျွန်ဘဝက လွတ်ကို လွတ်မြောက်ပါလိမ့်မယ်။ အဲဒါကြောင့် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး အကြံအဉာဏ်ရယူဖို့ သူက အကြုံပြုပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာပါဝင်သူတွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာ၊ ထောက်ပံ့ပို့ဆောင်တာနဲ့ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်းကယ်ဆယ်ရေးတာဝန်တွေလည်း ပေးအပ်ဖို့ စီစဉ်ထားတာပါ။

ဒါ့အပြင် ထိရောက်စွာ တိုက်ပွဲဝင်နိုင်ဖို့ကိုလည်း အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ကျင့်ပေးတာ၊ တပ်ဖွဲ့ဝင်တွေကို နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်တွေမှာလည်း အသုံးချဖို့ ဖြစ်ပါတယ်။

နိုင်နဂါးကတော့ တကယ်လို့ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့ ရင်ဆိုင်တိုက်ပွဲဖြစ်လာခဲ့ရင် အထူးသတိထား ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။

“အခုလို စစ်ကောင်စီက စီစဉ်နေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ တကယ်လို့ ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်း ဒီအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လာခဲ့မယ်ဆိုရင် အထူးသတိထားပြီးတော့ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ဘာလို့ဆို ဒီပြည်သူတွေဟာ သူတို့ရဲ့ ဆန္ဒမပါဘဲ အတင်းအဓမ္မလက်နက်ကိုင်ခိုင်း တိုက်ပွဲဝင်ခိုင်းနေတာ ဖြစ်တာကြောင့် ဒီပြည်သူတွေကို သုတ်သင်ရှင်းလင်းမယ့်အစား ဒီလူတွေရဲ့အားကို တော်လှန်ရေးအတွက် တစ်မျိုးတစ်ဖုံအသုံးပြုနိုင်ဖို့ ပရိယာယ်တွေ စီမံကိန်းတွေ Plan တွေ ရေးဆွဲပြီးမှ တိုက်ပွဲဝင်ဖို့ လိုမယ်လို့ ကျွန်တော်မြင်တယ်” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ နိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိဖို့ လုပ်သင့်တာကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်တာကြောင့် ပြည်သူပါတဲ့ လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်သွားမယ်လို့ ပြောဆိုထားပါတယ်။

လွတ်လပ်တဲ့ နိုင်ငံရေး၊စစ်ရေးသုတေသနအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်းဌာနချုပ်တွေနဲ့ တပ်စခန်းပေါင်း ၂၅၀၀ ‌ကျော်ကို ဆုံးရှံးခဲ့ပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.