ရေး၊ ဩဂုတ် ၂၄

မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်လမ်းဝမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ် ဒရုန်းအပြင် လက်နက် ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

တပ်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်နေတဲ့ နှစ်ကရင်လမ်းဝဂိတ်ကို တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တွေက ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းနဲ့လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ညိုစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တောင်ညိုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဒီတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးသွားတဲ့စစ်ကောင် စီတပ်ဖွဲ့ဝင်တွေကို လူနာတင်ယာဉ်နဲ့ လာရောက်သယ်ဆောင်သွားကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ကရင်လမ်းဝက စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံတွေအနေနဲ့ ဖမ်းဆီးစစ်ဆေးခံရမှာ စိုးရိမ်တာကြောင့် စစ်ကောင်စီဂိတ်အရှေ့ကနေ ဖြတ်သန်းသွားလာတာမလုပ်ဘဲ ကွေ့ပတ်သွား လာနေကြတယ်လို့ နှစ်ကရင်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကစပြီး နှစ်ကရင်ကျေးရွာလမ်းဝမှာ လာရောက်တပ်စွဲနေထိုင်နေပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ သံဖြူဇရပ်-ရေးလမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အဲဒီလမ်းပိုင်းတလျှောက်က ကျေးရွာတွေမှာ တပ်စွဲနေထိုင်နေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – တောင်ညိုစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.