မော်လမြိုင် ၊ ဩဂုတ် ၂၅

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီတပ်၊ ရဲအပါအဝင် ပြည်သူ့စစ်တွေအပြင် နေ့စားခေါ်ယူပြီး စစ်ဝတ်စုံပေးဝတ်ထားသူတွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ပြည်သူတွေအပေါ် ထင်တိုင်းကြဲနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံပူးပေါင်းတပ်ဖွဲ့တွေဟာ လက်နက်အားကိုးနဲ့ ညနေပိုင်းကစပြီး အင်အား ပြကာ လူစည်ကားရာနေရာနဲ့ မထင်မှတ်တဲ့နေရာတွေမှာ ပိတ်ဆို့စစ်ဆေးတာ၊လုံခြုံရေးအကြောင်း ပြ လှည့်လည်တာ၊ ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

လက်နက်အားကိုးနဲ့ လုံခြုံရေးကင်းလှည့်ရာမှာလည်း လမ်းပေါ်မှာရှိတဲ့ လားရာတူသွားနေတဲ့ ကား၊ ဆိုင်ကယ်တွေအပြင် တစ်ဖက်ယာဉ်ကြောမှလာတဲ့ ကား၊ ဆိုင်ကယ်တွေကိုလည်း လက်နက်ပြပြီး လမ်းဘေးချခိုင်းကာ လမ်းဘေးမချပါက ဆဲဆိုခြိမ်းခြောက်တာတွေရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ကင်းလှည့်ရာမှာလည်း လမ်းဘေးဆီဆိုင်တွေက စက်သုံးဆီတွေ သိမ်းယူတာ၊ ဘီယာဆိုင်တွေက ဘီယာတွေကို ဝင်ယူတာအပြင် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ချင်သလို လုပ်နေကြတယ်လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

“မော်လမြိုင်မြို့ တစ်ခုတည်းပေါ့။ ကျန်တဲ့မြို့မှာတော့မရှိပါဘူး။ မော်လမြိုင်မြို့မှာက လမ်းဘေးမတေလေဂျပိုးတွေ၊ မဘသအဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ သက်ဆိုင်ရာ ဆွေမျိုးသားချင်းတွေကို တစ်ရက်ကို ၈၀၀၀ ပေးပြီး ညကျရင်ယူနီဖောင်းတွေဝတ်ပြီးတော့ လမ်းဘေးမှာ ဆီရောင်းတဲ့ဆိုင်တွေကို လျှောက်ဖမ်းတယ်။ ဆီတွေသိမ်းတယ်။ ဘီယာဆိုင်မှာ ဘီယာတွေဝင်ယူတယ်။ လုပ်ချင်သလိုလုပ်နေတာပေါ့။ မင်းမဲ့စရိုက်ဆန်ဆန်ပဲ။ ညဘက်ကို အရမ်းကိုဆိုးရွားနေတာပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးတဲ့နေရာမှာလည်း အရှိန်လွန်ကျော်သွားတဲ့ ကား၊ ဆိုင်ကယ်တွေကို ခြေထောက်နဲ့ကန်ပြီး တားဆီးတာ၊ သေနတ်နဲ့ထောက်ပြီး ခြိမ်းခြောက်တာတွေအပြင် ရိုက်နှက်တာတွေကအစ မထင်ရင်မထင်သလို လုပ်နေကြတယ်လို့ သူကဆက်ပြောပါတယ်။

မော်လမြိုင်မြို့ဟာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအပြည့်အဝ စိုးမိုးထိန်းချုပ်ထားတဲ့ မြို့တစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ထွက်နိုင်မှုမရှိတဲ့ ဒေသတစ်ခုလည်း ဖြစ်သလို အ ရှေ့တောင်တိုင်းစစ်ဌာနချုပ် ရုံးစိုက်ပါတယ်။

နောက်ထပ် မော်လမြိုင်မြို့ခံတစ်ဦးကလည်း စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ လှည့်ကင်းလှည့်လည်တဲ့နေရာမှာ အင်အားအများအပြားနဲ့ လှည့်လည်ကာ စားသောက်ဆိုင်တွေနဲ့ တည်ခိုခန်းတွေမှာပါ လိုက်လံစစ်ဆေးပြီး မထင်ရင်မထင်သလို ဖမ်းဆီးမှုရှိနေတယ်လို့ ပြောပါတယ်။

“ပတ်ကင်းလှည့်တာတော့ အားလုံးလှည့်နေကြတာပဲ။ ည ၈ နာရီ နောက်ပိုင်း ၉ နာရီနောက်ပိုင်းဆို သူတို့ ပတ်ကင်းပေါ့။ တစ်ခါတလေကျလို့ရှိရင် ကား ၁၀ စီး ၁၂ စီးလောက်နဲ့ ပတ်တယ်။ သူတို့ကတစ်တန်းကြီး သွားတာလေ။ အဖွဲ့လိုက်ပြီးလို့ရှိရင် မြေနီကုန်းကားဝင်ထဲကိုဝင်တယ်။ စားသောက် ဆိုင်တွေရှိတော့ အဲဒီကိုသူတို့ လိုက်စစ်တယ်။ တည်ခိုခန်းတွေပါ လိုက်စစ်တယ်။ မှတ်ပုံတင်တို့၊ ဖုန်းတွေဘာတွေ စစ်ဆေးတာရှိတာပေါ့။ ညဘက်အချိန် မတော်ရင်တော့ ဖမ်းတာပေါ့”လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးခံရတဲ့သူတွေကိုတော့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ငွေကြေးအမြောက်အများ တောင်းကာ ပြန်လွတ်ပေးတာတွေရှိသလို ငွေကြေးမပေးနိုင်သူတွေကိုတော့ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချတာတွေရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ကင်းလှည့်ရာမှာလည်း မူးယစ်သောက်စားပြီး ရမ်းကားချင်သလို ရမ်းကားနေတဲ့အတွက် ရပ်ကွက်နေပြည်သူတွေအနေနဲ့ ကြောက်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မော်လမြိုင်မြို့မှာတော့ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ အင်အားပြလှည့်လည်ဖို့ ခေါ်ယူထားသူအများစုဟာ စစ်ကောင်စီနဲ့ နီးစပ်သူတွေ၊ မဘသအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေအပြင် ရပ်ကွက်တွေအတွင်းက ဆိုးသွမ်းသူတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.