ကြာအင်းဆိပ်ကြီး၊ သြဂုတ် ၂၄

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်မှာရှိတဲ့ အနန်းကွင်းဗျူဟာစခန်းမကျရေးအတွက် စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အနန်းကွင်းဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဩဂုတ်လ ဒုတိယအပတ်လောက်ကစပြီး ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် နှစ်ဖက်စစ်ရေးတိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။

ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ တောင်စွန်းစခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့တဲ့ မေလပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် တောင်စွန်းစခန်းနဲ့ မိုင်အနည်းငယ်အကွာသာဝေးတဲ့ အနန်းကွင်းဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အနန်းကွင်းဒေသတိုက်ပွဲအတွင်း ဗျူဟာစခန်းမကျရေးအတွက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ အကြိမ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အပြင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အခြေစိုက် စစ်ကောင် စီတပ်ရင်းတွေကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ နေ့စဉ်လိုလို လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံနေအိမ်အများအ ပြား ထိခိုက်ပျက်စီးခဲ့ရပြီး အနန်းကွင်းအပါအဝင် ကျေးရွာ ၃ ရွာထက်မနည်းက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံတွေက ဆိုကြပါတယ်။

အနန်းကွင်း၊ ခလယ်တံခွန်တိုင်၊ တောင်ကလေး စတဲ့နေရာဒေသတွေမှာ စစ်ကောင်စီတပ်က လက် နက်ကြီးတွေနဲ့ နေ့စဉ်လိုလိုပစ်ခတ်မှုတွေ လုပ်ဆောင်နေပြီး လေယာဉ်နဲ့ လာရောက်ထောက်လှမ်းမှုတွေ ရှိနေတဲ့အတွက် အနန်းကွင်းရွာနဲ့ နီးစပ်တဲ့ဖားပြကျေးရွာမှာ စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရပြီး တချို့ကျေးရွာတွေမှာလည်း စာသင်ကျောင်းတွေပိတ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသအတွင်း စစ်ရေးအခြေအနေကြောင့် ခလယ်တံခွန်တိုင်-တောင်ကလေး-ကျွန်းရွာ-မုဒုံလမ်းပိုင်း၊ ခလယ်တံခွန်တိုင်-ပုလိန်-အဘစ်-မုဒုံလမ်းပိုင်းတွေမှာ သွားလာရေးအတွက် ပိုမိုခက်ခဲလာနေပြီး ခရီးသွားကားခတွေ ဈေးပိုမိုမြင့်မားလာနေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ဝင်းရေးမြို့နယ်ထဲမှာ ရှိနေတာဖြစ်ပြီး တပ်အင်အား ၄၀ ထက်မနည်း တပ်စွဲနေထိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.