ဘေဂျင်း၊ သြဂုတ် ၂၁

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ် ၂၀ ရက်က ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာ့ပြဿနာနဲ့ ပတ်သက်လို့ တရုတ်က မြန်မာရဲ့ အချုပ်အခြာ အာဏာ၊ လွတ်လပ်မှု၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ နယ်နိမိတ် ဆိုင်ရာ ဂုဏ်သိက္ခာတို့ကို လေးစားမှု ရှိပါ့မယ်လို့ ကတိပြုထားကြောင်းနဲ့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်မစွက်ဖို့၊ မြန်မာတွေ ကိုယ်တိုင် ဦးဆောင်ပြီး လုပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်လည်း ကတိပြုထားကြောင်း ဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ပါတယ်။

အာဆီယံရဲ့ အခန်းကဏ္ဍဟာလည်း အဓိက လမ်းကြောင်းတစ်ခု ဖြစ်တာကြောင့် တရုတ်က ထောက်ခံကြောင်း ဝန်ယိ က ဖြည့်စွက် ပြောဆိုပါတယ်။

အထူးကိုယ်စားလှယ် ဘစ်ရှော့ပ်အနေနဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ တရုတ်က ပါဝင် ကူညီပေးဖို့ အသင့်ရှိကြောင်းလည်း ဝန်ကြီး ဝမ်ယိက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊နိုင်ငံရေး၊ ပြန်လည် ရင်ကြားစေ့ရေး အောင်မြင်အောင် အထူးကိုယ်စားလှယ် ဘစ်ရှော့ပ် ကြိုးပမ်းရာမှာ ပါဝင်ကူညီပေးဖို့ အသင့်ရှိတယ်လို့ ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

မြန်မာ့ပြဿနာကို အသေအချာ ကိုင်တွယ် ဖြေရှင်းနိုင်ရေး ဘုံသဘောတူညီမှု တစ်ရပ် ရရှိစေဖို့ တရုတ်၊ အာဆီယံတို့နဲ့ အနီးကပ် ဆက်သွယ် ဆောင်ရွက်ဖို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်ဖို့ လိုတယ်လို့လည်း မစ္စ ဘစ်ရှော့ပ်က ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သံတမန်ရေး ခြေလှမ်း စိပ်စိပ် လှမ်းလာနေပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော် ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပြင် အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ဦးစွာ ပြုလုပ်မယ့် သန်းခေါင်စာရင်း ကောက်ယူမှု အတွက် တရုတ်က နည်းပညာ အကူအညီ ပေးသွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကူညီပေးမယ်လို့ ကတိပြုထားပါတယ်။

Source: Xinhua

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.