မုန်း ၊ သြဂုတ် ၂၀
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်နဲ့ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူငါးဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါ တယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့က မုန်းမြို့နယ်အခြေစိုက် အမှတ် ၄၃၉ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဘုရားလဟာကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုရားလဟာကျေးရွာနေ ကိုထက်လင်းဦးနဲ့ ဒေါ်ခင်ချိုလွင်တို့ လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သြဂုတ် ၁၅ ရက်နေ့ကလည်း မုန်းမြို့နယ် အုပ်ဖျက်တပ်စခန်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကြက်တက်ညောင်ပင်ကျေးရွာနေ ဦးမြင့်ဌေးနဲ့ ဒေါ်ခင်ရီတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီနေ့မှာပဲ ကျောက်ကြီးမြို့နယ်အခြေစိုက် အမှတ် ၃၀၇ ခြေမြန်တပ်ရင်းက လက်နက်ကြီး တစ် လုံးပစ်ခတ်ခဲ့ရာ အနန်းဘောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ အသက် ၅၀ အရွယ် ဦးဌေးနိုင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
KNU အုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူတွေ မကြာခဏဆိုသလို ထိခိုက်သေဆုံးတာတွေ ရှိနေပြီး ပြည်သူလူထု တစ်သန်းနီးပါး တိမ်းရှောင်နေရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU